ဥရောပ ချန်ပီယံဘွဲ့ကို မကာကွယ်နိုင်ခဲ့ဘဲ စီးတီးတို့ အီတီဟက်မှာမှ ရီးရဲလ်ရဲ့ ပင်နယ်တီနဲ့ ဖြုတ်ချခြင်း ခံလိုက်ရတဲ့ပွဲ
လက်ရှိ ဥရောပ ချန်ပီယံ မန်ချက်စတာစီးတီးဟာ ဗုဒ္ဓဟူးနေ့ညက အီတီဟတ်မှာ ရီးရဲလ်မက်ဒရစ်နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်မှာ ပင်နယ်တီအဆုံးအဖြတ်ကြောင့် ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီဖြစ်ပါတယ်။
မန်စီးတီးက ရီးရဲလ်မက်ဒရစ်ဘက်ကို ဂိုးပေါက် (၃၃) ကြိမ်အထိ ကန်သွင်းခဲ့ပြီး ကစားပုံအရ အသာစီးရခဲ့ကာ ဂိုးပေါက်တည့်ကန်ချက် (၉) ကြိမ်အထိ ရရှိခဲ့ပေမယ့် ဒီအထဲမှာ (၉) ကြိမ်သာ ဂိုးပေါက်တည့်ခဲ့ပါတယ်။
ပထမပိုင်း စတင်ချိန်ကတည်းက အိမ်ရှင် မန်စီးတီးက ဘောလုံးပိုင်ဆိုင်မှု အသာစီးနဲ့ ရီးရဲလ်မက်ဒရစ်ကို ဖိအားပေးကစားနိုင်ခဲ့ပေမယ့်လည်း ၁၂ မိနစ်မှာ ရိုဒရီဂိုက ဗင်နီးရှပ်စ်ရဲ့ ကန်သွင်းယူမှုကို အီဒါဆန် ပုတ်ထုတ်လိုက်လို့ ပြန်လျှံလာတဲ့ဘောလုံးကို ပိတ်သွင်းယူပြီး ဦးဆောင်ဂိုး သွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။
ပထမပိုင်းမှာ နှစ်ဖက်စလုံး အပိုင်အခွင့်အရေးတွေ ဖြုန်းတီးခဲ့ကြလို့ ဘယ်သူမှ ထပ်ဂိုးမသွင်းနိုင်ခဲ့ဘဲ ဒုတိယပိုင်း ပြန်စချိန်မှာလည်း မန်စီးတီးကပဲ ဆက်လက်ဖိအားပေးနိုင်ခဲ့ပြီး လူနင် လက်စွမ်းပြ ကာကွယ်နေခဲ့လို့ ရီးရဲလ်မက်ဒရစ်တို့ သက်သာရာ ရခဲ့တာဖြစ်ပါတယ်။
၇၆ မိနစ်မှာတော့ အိမ်ရှင် မန်စီးတီးက ချေပဂိုး ပြန်လည်သွင်းယူနိုင်ခဲ့ပြီး ဒိုကု ချိုးပေးလိုက်တဲ့ ဘောလုံးကို ရူဒီဂါ ပိတ်ဆို့ခဲ့ရာမှာ ဒီဘရိုင်းနားဆီ တန်းတန်းမတ်မတ် ရောက်သွားခဲ့ပြီးနောက် ဘယ်လ်ဂျီယမ်ကြယ်ပွင့်က အားပါပြင်းထန်တဲ့ကန်ချက်နဲ့ ဂိုးပိုက်အမိုးပွင့်သွားမလားထင်ရလောက်အောင် အဆုံးသတ်သွားခဲ့တာဖြစ်ပါတယ်။
သာမန်ပွဲကစားချိန် ပြည့်တဲ့အထိ ဘယ်သူမှ ဂိုးထပ်မသွင်းနိုင်ခဲ့လို့ အချိန်ပို ဆက်ကစားခဲ့ရပြီး အချိန်ပိုမှာလည်း နှစ်သင်း စလုံး ဖြုန်းအားကောင်းခဲ့လို့ ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရပါတယ်။
ပင်နယ်တီအဆုံးအဖြတ်မှာ မန်စီးတီးဘက်က ဆေးလ်ဗား၊ ကိုဗာချစ်တို့ လွဲချော်ခဲ့ပြီး ရီးရဲလ်မက်ဒရစ်ဘက် မိုဒရစ်တစ်ဦးတည်းသာ လွဲချော်ခဲ့တဲ့အတွက် ရီးရဲလ်မက်ဒရစ်က ၄-၃ နဲ့ အနိုင်ရရှိပြီး ဆီမီးဖိုင်နယ်အဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ပြီဖြစ်ပါတယ်။
မန်စီးတီးကတော့ ချန်ပီယံလိဂ်ဖလားကို ကာကွယ်နိုင်မယ့် အခွင့်အရေး၊ နှစ်နှစ်ဆက် ချန်ပီယံဖြစ်နိုင်မယ့် အခွင့်အရေးကို လက်လွှတ်ခဲ့ရတာ ဖြစ်ပါတယ်။