သမ္မတဖြစ်ချင်လို့ ကိုယ့်ဘာသာ မြေကွက်ဝယ်ပြီး ကိုယ်ပိုင်နိုင်ငံ ထူထောင်ခဲ့သူ
ကမ္ဘာပေါ်မှာ ဘယ်သူကမှ အသိအမှတ်မပြုပဲ ကိုယ်တိုင် နိုင်ငံတည်ထောင်ထားတာတွေရှိပါတယ်။ ဒါကို Self-declared Micronation လို့ခေါ်ပါတယ်။
ဒီထဲကလူသိများတာဆို ပင်လယ်ထဲကခံတပ်အဟောင်းပေါ်မှာ ၃ ယောက်တည်းနဲ့နိုင်ငံတည်ထားတဲ့ Sealand တို့လိုနိုင်ငံတွေပါ။ ဒီလို Micronation တွေထဲကမှနိုင်ငံသေးငယ်သလောက် နိုင်ငံတစ်နိုင်ငံရဲ့အင်္ဂါရပ်တွေအားလုံးရှိတဲ့ Molossia ဆိုတဲ့ နိုင်ငံအကြောင်းဖော်ပြပေးချင်ပါတယ်။
မိုလော့ဆီယားနိုင်ငံမှာ ကိုယ်ပိုင်အလံ၊ ကိုယ်ပိုင်စံတော်ချိန်၊ ငွေကြေးစနစ်၊ ရေတပ်၊ ဘဏ်။ ရထားလမ်း၊ အထိမ်းအမှတ် Tower နဲ့ Space program တွေတောင်ရှိပါတယ်။
Kevin Baugh အမည်ရတဲ့သူက The Mouse That Roared ရုပ်ရှင်ဇာတ်ကားကိုကြည့်ပြီး သူ့ရဲ့စိတ်ကူးအိပ်မက်ကိုအကောင်အထည်ဖော်ဖို့ အမေရိကန်ပြည်ထောင်စု၊ နာဗားဒါးပြည်နယ်က မြေကိုဝယ်ယူပြီး ကိုယ်ပိုင်မြေထဲမှာ Republic of Molossia ဆိုပြီး ကိုယ်တိုင်သမ္မတလုပ်၊ ကိုယ်ပိုင်နိုင်ငံတည်ထောင်ထားတာပါ။
ဒီမြေအတွက်အခွန်တွေကို အမေရိကန်အစိုးရကိုဆောင်နေရဆဲပါ။ သူတို့ကတော့အိမ်နီးချင်းနိုင်ငံကို နိုင်ငံတကာထောက်ပံ့မှု (Foreign aid) လို့သာ နာမည်တပ်ထားပါတယ်။
ဒီနိုင်ငံမှာလူဦးရေက ၃၈ ဦးရှိပါတယ်။ လူ ၃၅ ယောက်နဲ့ ခွေး ၃ ကောင်ပါ။ အားလုံးကသူ့အမျိုးတွေနဲ့ သူ့ခွေးတွေချည်းပါ ကြောင်တစ်ကောင်လည်းရှိပါတယ် ဒါပေမယ့်ကြောင်တွေကသစ္စာရှိဖို့မယုံကြည်လို့ နိုင်ငံသားဖြစ်ခွင့် မပေးထားပါဘူး။
အပြင်လူတွေလည်ပတ်လို့ရပါတယ်။ ဒါပေမယ့် E Mail နဲ့ကြိုတင်စာရင်းပေးရပါတယ်။ နိုင်ငံထဲမှာ ၃ နာရီထက်နေခွင့်မရှိပါဘူး။ အလုပ်လုပ်ခွင့်နဲ့နိုင်ငံသားဖြစ်ခွင့်လည်းမရှိပါဘူး။ နိုင်ငံရဲ့နယ်နိမိတ်ထဲဝင်လာတာနဲ့ သမ္မတကိုယ်တိုင် passport မှာတံဆိပ်တုံးထုပေးပါတယ်။
Custom ဌာနကဝန်ထမ်းတွေရှိပေမယ့် အားလုံးကအရုပ်တွေဖြစ်လို့ပါ။ စာတိုက်ရုံး၊ ဘဏ်၊ ပန်းခြံ၊ ရင်ပြင်၊ company၊ အကျဉ်းထောင်၊ ကင်းမျှော်စင် တွေလည်းအစုံအလင်လည်းရှိပါတယ်။ အားလုံးမှာတာဝန်ထမ်းထောင်နေတာက အရုပ်ဝန်ထမ်းတွေပါ။ အမှတ်တရတံဆိပ်ခေါင်းနဲ့ T Shirt တွေလည်းဝယ်သွားလို့ရပါတယ်။
စာတိုက်ရုံး
Norton Park ဆိုတဲ့ပန်းခြံနဲ့အထဲမှာ ရထားလမ်းနဲ့ဘူဘာတွေလည်းရှိပါတယ်။ ဒါပေမယ့်လူစီးလို့မရတဲ့ အရုပ်ရထားလမ်းပါ။ Broomball လို့ခေါ်တဲ့ National Sport လည်းရှိပါတယ်။ ဟော်ကီကိုအခြေခံထားတာဖြစ်ပြီး ဘောလုံးကိုတံမြက်စည်းနဲ့ကစားရတာပါ။
မြို့လယ်ခေါင်မှာ Red Square ဆိုတဲ့ရင်ပြင်လည်း ရှိပါတယ်။ စာတိုက်ကြီး၊ Trading company, ဘဏ်၊ သမ္မတရုံး၊ အခွန်ရုံး၊ ဂေါက်ကွင်း water tower အစရှိတာတွေတည်ရှိတဲ့အချက်အခြာနေရာဖြစ်ပါတယ်။
နိုင်ငံတစ်နိုင်ငံရဲ့အင်္ဂါရပ်တွေအားလုံးနဲ့ ပြည့်စုံတဲ့နိုင်ငံဖြစ်တာကြောင့် စစ်တပ်လည်းမပါမဖြစ်ပါ၊ ငါးသေတ္တာဘူးတွေကို အမြှောက်ဆန်လုပ်ပြီးပစ်ရတဲ့ အံ့မခန်း စစ်လက်နက်တွေရှိပါတယ်။ ရေတပ်ရဲ့စစ်အင်အားကတော့ လေထိုးလှေ ၅ စီးပါ။ Space program တွေကလည်း ဒုံးပျံတွေအများကြီးလွှတ်တင်ထားပါသေးတယ်။ ကစားစရာ Firework rocket နဲ့လေထိုးရတဲ့အရုပ်တွေပါ။
နောက်ပြီး Valora ဆိုတဲ့ကိုယ်ပိုင်ငွေကြေးစနစ်လည်းရှိပါတယ်။ သူ့ ငွေတစ်ကျပ်က ချော့ကလက်ကွတ်ကီးတစ်ချပ်နဲ့တန်ဖိုးတူပါတယ်။ မြင်းရိုင်းကို National animal အဖြစ်သတ်မှတ်ထားပြီး အကြွေစေ့တွေမှာလည်းရိုက်နှိပ်ထားပါတယ်။
ကယ်လီဖိုးနီးယားတောင်နဲ့မြောက်ပိုင်းတွေမှာလည်း ၅ ဧကစီကျယ်တဲ့ မိုလော့ဆီယားနိုင်ငံရဲ့နယ်မြေ ၂ ခုရှိပါသေးတယ်။ ဒါပေမယ့်နာဗားဒါးက ၁.၃ ဧကကျယ်တဲ့နေရာမှာပဲနေကြပါတယ်။
နိုင်ငံရဲ့ founding father လည်းဖြစ် လက်ရှိသမ္မတလည်းဖြစ်တဲ့ Kevin Baugh ရဲ့နာမည်အစွဲပြုပြီး နာဗားဒါးကနယ်မြေကို Baughston လို့ခေါ်ပြီး နိုင်ငံရဲ့မြို့တော်အဖြစ်သတ်မှတ်ထားပါတယ်။ နာဗားဒါးစံတော်ချိန်ထက် ၃၉ မိနစ် နောက်ကျတဲ့ကိုယ်ပိုင် Molossian Standard Time ကိုသုံးပါတယ်။
ပြင်သစ်က Eiffel Tower လိုပဲဒီနိုင်ငံမှာလည်းလူတစ်ရပ်ကျော်မြင့်တဲ့ Tower of the Winds ဆိုတဲ့အထိမ်းအမှတ်တာဝါနဲ့ရေပန်းဥယာဉ်တွေလည်းရှိပါတယ်။ Solar power နဲ့တစ်နိုင်ငံလုံးကိုလျှပ်စစ်ဓာတ်အားပေးထားပါတယ်။
ဒီနိုင်ငံက ကလေးတွေကျောင်းတက်ဖို့ နိုင်ငံရပ်ခြားကိုသွားနေရသလို ဘာသယံဇာတဘာမှမထွက်လို့ သမ္မတကိုယ်တိုင်လည်း ပြည်ပခရီးစဉ်တွေ မကြာခဏသွားနေရပါတယ်။ မိုလော့ဆီယားနိုင်ငံရဲ့ first lady နဲ့ dating website မှာတွေ့တာပါ။
ဒီအကြောင်းအရာတွေက နည်းနည်း ကြောင်တောင်တောင်နိုင်ပေမယ့် အားလုံးအမှန်တွေချည်းပါ။ အမေရိကန်အစိုးရကတော့ တရားဝင် အသိအမှတ်မပြုထားသော်လည်း တရားမဝင် အဖွဲ့အစည်းလည်းမဟုတ်ပါဘူး။ ကိုယ်ပိုင်မြေပေါ်မှာ စိတ်ကြိုက်လုပ်တာဖြစ်ပြီး အခွန်လည်း ပုံမှန်ဆောင်သလို ဘာရာဇဝတ်မှုမှကျူးလွန်ထားတာမရှိလို့ပါ။ ဒီမိုကရေစီဆိုတာဒါပါပဲ။
ဒီလူက တော်တော်လေး ရူးနမ်းတယ်လို့ဆိုနိုင်ပေမယ့် ဘယ်သူ့ကိုမှမထိခိုက်သလို နိုင်ငံငယ်လေးမှာ နေရတာ ပိုပျော်စရာကောင်းတယ်လို့လည်း ဆိုခဲ့ပါတယ်။