လူပြောများနေတဲ့ သူ့ရဲ့ လူစားလဲ ဗျူဟာနဲ့ ပတ်သတ်ပြီး ဖြေရှင်းချက် ထုတ်လာတဲ့ ပက် ဂွာဒီယိုလာ

မန်စီးတီးနည်းပြ ပပ် ဂွါဒီယိုလာက ရီးရဲလ်မက်ဒရစ်ကို ပင်နယ်တီ အဆုံးအဖြတ်မှာ မရှုံးနိမ့်ခင် ဟာလန်းနဲ့ ဒီဘရိုင်း တို့ကို ဘာကြောင့် လူစားလဲခဲ့ရလဲ ဆိုတာကို ရှင်းပြခဲ့ပါတယ်။

ဂွါဒီယိုလာက မန်ချက်စတာစီးတီးကို ပြီးခဲ့တဲ့ရာသီမှာ ချန်ပီယံလိဂ် အောင်ပွဲရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပေမယ့်လည်း ဗုဒ္ဓဟူးနေ့ညမှာတော့ အီတီဟတ်မှာ ပင်နယ်တီ အဆုံးအဖြတ်နဲ့ ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။

ရိုဒရီဂိုက လာလီဂါအသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပြီးနောက် ဒီဘရိုင်းနားရဲ့ ဒုတိယပိုင်းချေပဂိုးကြောင့် အချိန်ပိုနဲ့ ပင်နယ်တီအထိ ဆက်ကစားခဲ့ရတာဖြစ်ပါတယ်။ ဒီဘရိုင်း နဲ့ ဟာလန်းတို့အတွဲဟာ မန်စီးတီးရဲ့ အခြိမ်းခြောက်နိုင်ဆုံး တိုက်စစ်လက်နက်ဖြစ်ပေမယ့်လည်း ပင်နယ်တီ မကန်ခင်မှာ အံ့အားသင့်ဖွယ် လူစားလဲခံခဲ့ရတာဖြစ်ပါတယ်။

ဟာလန်းဟာ ၉၁ မိနစ်မှာ အယ်လ်ဗာရက်ဇ်နဲ့ လူစားလဲခံခဲ့ရသလို ဒီဘရိုင်း ကလည်း ပင်နယ်တီ အဆုံးအဖြတ်မခံယူမီ ၈ မိနစ်အလိုမှာ ပင်နယ်တီ လွဲချော်ခဲ့တဲ့ ကိုဗာချစ်နဲ့ လူစားလဲလှယ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။

ဂွါဒီယိုလာက ပွဲအပြီးမှာ ဘာကြောင့် ဒီဘရိုင်း နဲ့ ဟာလန်းတို့ကို လူစားလဲခဲ့ရလဲဆိုတာကို ထုတ်ဖော်ပြောဆိုခဲ့ပြီး ကစားသမား ၂ ဦးစလုံးက ဆက် မကစားနိုင်တော့တာကြောင့် အနားယူခွင့်ပေးဖို့ တောင်းဆိုခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

“အာလင်း ဟာလန်းနဲ့ ဒီဘရိုင်း တို့က ကျွန်တော့်ကို လူစားလဲပေးဖို့ တောင်းဆိုခဲ့တယ်။ သူတို့တွေ ဆက်ကို မကစားနိုင်တော့ပါဘူး။ ဒီပွဲမှာ သူတို့တွေက အံ့အားသင့်စရာကောင်းခဲ့ပါတယ်။ ကျွန်တော် လူစားလဲလှယ်မှုတွေ အများကြီးလုပ်ဖို့ မစီစဉ်ထားခဲ့ပေမယ့် သူတို့က ဆက်မကစားနိုင်တော့လို့ လူစားလဲပေးဖို့ တောင်းဆိုခဲ့ကြလို့ လဲခဲ့ရတာပါ”လို့ ပြောဆိုခဲ့ပါတယ်။