ဓာတ်အားလိုင်းဦးစားပေးနဲ့ မီးရရှိမှု မညီမျှခြင်း ပြဿနာ
ရန်ကုန်မြို့ပြထဲမယ် တချို့နေရာက မီးအပြည့်နီးပါးရ၊ တချို့ နေရာက ပုံမှန်လာပြတ်၊ ဒီကြားထဲ LDC က ပါးပါး ပုတ်ဆိုတော့ သို့လော သို့လော ပြောကြပြန်ပါတယ်။ ကျနော်ကလည်း ပဲခူးဆားဆိုတော့ နေရာတကာဝင်ပြောချင်မိပြန်ရော။ လက်ခံတာ လက်မခံတာတော့ စာဖတ်သူများရဲ့သဘောအတိုင်းပေါ့။
ဓာတ်အားလိုင်းဦးစားပေးဆိုတာ ကျင်းပတဲ့အခမ်အနားပေါ်မူတည်ပြီး ဦးစားပေးအဆင့်အတန်းကကွာပါတယ်။ နိုင်ငံတော်အဆင့်အခမ်းအနားဆိုရင် ညွှန်ကြားချုပ်မှူးချုပ်ကိုယ်တိုင် ပွဲကျင်းပသည်နေရာမှာ Standby စောင့်ပြီး ဓာတ်အားမပြတ်တောက်ရေး၊ ဓာတ်အားပြတ်တောက်ပါက ဓာတ်အားအမြန်ရရှိရေးကို ဆောင်ရွက်ရပါတယ်။
သမ္မတလမ်းကြောင်းဆိုရင်လည်း သက်ဆိုင်ရာ အင်/ယာကြီးမှူးများက Standby စောင့်ပေးရပါတယ်။ ဝကခလမ်းကြောင်းဆိုရင် အခမ်းအနားပေါ်မူတည်ပြီး မြို့နယ်၊ ခရိုင်အင်/ယာ များက Standby စောင့်ရပါတယ်။
ဓာတ်အားမပြတ်တောက်ရေးဆိုတာ ကြိုတင်ခန့်မှန်းရ ခက်ခဲတဲ့ ကိစ္စဖြစ်ပါတယ်။ အပေါ်ကလို VIPများ လာရောက်တဲ့ အခမ်းအနားဆိုရင် မီးစက်ချပြီး အခမ်းအနားတခုလုံး ဓာတ်အားမပြတ်တောက်စေဖို့ မီးစက်မောင်းထားပေးရတာဖြစ်ပါတယ်။ မီးစက်က VIPမရောက်ခင် ဘယ်လောက်ကြို မောင်းရမယ်၊ VIPထွက်ခွာပြီးနောက် ဘယ်လောက်ကြာရင် ရပ်နားလို့ရတယ်ဆိုပြီး သတ်မှတ်ထားရှိပြီး ဖြစ်ပါတယ်။ အကယ်၍ မီးစက်က Error တခုခုရှိလို့ ရပ်ခဲ့ရင် လျှပ်စစ်မီးသုံးလို့ရအောင် လိုင်းဦးစားပေး သတ်မှတ်ထားရှိရတယ်ပဲ ဖြစ်ပါတယ်။ (EPCတောင် မီးမပြတ်ဘူးဆိုတာ မယုံကြည်ပု)
လိုင်းဦးစားပေးထားရှိဖို့ ဘာတွေလိုအပ်သလဲဆိုရင် အခမ်းအနားကျင်းပမည့်နေရာ၊ ရက်စွဲနဲ့ အချိန်အတိအကျ တက်ရောက်မည့်ပုဂ္ဂိုလ် ကျင်းပမည့် ရည်ရွယ်ချက်တွေ သိရဖို့ လိုအပ်ပါတယ်။ အဓိကက အချိန်အတိအကျ သိဖို့လိုအပ်ပါတယ်။ ဒါမှသာ ကျင်းပနေစဉ်ကာလအတွင်း ဓာတ်အားမပြတ်တောက်ရေးအတွက် LDC, YCC, NCC, MCCတို့က စောင့်ကြည့် ထိန်းကြောင်းပေးနေမှာလည်း ဖြစ်ပါတယ်။
လိုင်းဦးစားပေးအဖြစ်သတ်မှတ်ထားရင် မဖြစ်မနေအရေးပေါ်အခြေအနေမှ အပLDC ဝင်မှာမဟုတ်သလို ၎င်းဖီဒါနဲ့ ဆက်စပ်လိုင်းပြုတ်လို့ ဓာတ်အားပြတ်တောက်ခဲ့ရင် အပြစ်ဧရိယာကို ဖယ်ပြီး ဓာတ်အားကို ချက်ချင်းပြန်ရအောင် ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ ဒါတွေက ပုံမှန် လိုင်းဦးစားပေးတောင်းတဲ့အခါ သမာရိုးကျ လုပ်ရိုး လုပ်စဉ်တွေပါပဲ။
ဒီကာလမှာ တောင်းလာတဲ့ လိုင်းဦးစားပေးပုံစံတွေရှိပါတယ်။ အကြမ်းဖျင်းပြောရရင် တပြည်လုံးအတိုင်းအတာနဲ့ မြို့နယ်အဆင့်ကိစ္စများဖြစ်ပါတယ်။ ဥပမာ ပဌမပြန်စာမေးပွဲတို့ ဂျပန်စာမေးပွဲကျင်းပတာတွေက တတိုင်းလုံးအတိုင်း အတာ၊ တနိုင်ငံလုံးအတိုင်းအတာနဲ့ ကျင်းပလို့ လိုင်းဦးစား ပေးတောင်းတာဖြစ်ပြီး မြို့နယ်အဆင့်မှာ အနီးစပ်ဆုံးပြောရရင် သင်္ကြန်ကျင်းပလို့ ဓာတ်အားမပြတ်တောက်ရေး လိုင်းဦးစားပေးရတာမျိုးလဲရှိပါတယ်။ ဒါက နိုင်ငံအဝှမ်းကျင်းပတာဖြစ်ပေမဲ့ မြို့နယ်ဆိုတဲ့ ဒေသအာဏာပိုင်အဖွဲ့အစည်းက တောင်းဆိုတာဖြစ်လို့ မြို့နယ်ဗဟိုမဏ္ဍပ်ဓာတ်အား မပြတ်တောက်ရေးအတွက် ကူညီပေးရတာဖြစ်ပါတယ်။
အဆိုပါ ကျင်းပဧရိယာကလွဲရင် ဓာတ်အားလိုင်းတလျောက် သုံးစွဲနေသော ထရန်စဖော်မာများကို Pertial ပိတ်ရမှာ ဖြစ်ပေမဲ့ လိုင်းဦးစားပေးရအတူတူ ကျန်သူများလည်း မီးရပါစေတော့ဟုသော ဝိနည်းလွတ်စေတနာနဲ့ ဓာတ်အားပေးထားတာ ဖြစ်ပါတယ်။
အချုပ်ပြောရရင် နိုင်ငံတော်အဆင့် အခမ်းအနားဆိုရင် လိုင်းဦးစားပေးဆိုတာ ရှိပါတယ်။ ဒီသင်္ကြန်ကာလမှာ ရာသီဥတုပူပြင်းမှု ထုတ်လုပ်မှု မနိုင်နင်းမှုကြောင့် No Load Shed မပေးနိုင်ပါဘူး။ ညဘက် နာရီဝက်လောက် စောလာတာမျိုးပဲ လုပ်နိုင်ပါတယ်။
ဟိုမြို့နယ်က သင်္ကြန်ကာလ 24နာရီရတယ်၊ ဒီမြို့နယ်က ရတယ်ဆိုတာ ဂျင်းပါ။ တရားဝင် ဘယ်မြို့နယ်မှ 24နာရီ မီးပေးမထားပါဘူး။ မြို့နယ်ဗဟို မဏ္ဍပ်ကို ဓာတ်အားလိုင်းဦးစားပေးချက်အရ ၎င်းလိုင်း၏ ဆက်စပ်ဧရိယာတချို့ပဲ မီးရတာပဲ ရှိပါတယ်။ ဤတွင် သင်္ကြန် မီးရခြင်း မရခြင်း ပြဿနာပြီးဆုံး၏။
ကေအက်စ် (ခွဲမှူး)
