မန်စီးတီးရဲ့ အားနည်းချက် တစ်ခုကြောင့် ဒီည FA Semi ပွဲမှာ ချဲလ်ဆီးက အနိုင်ယူနိုင်မယ် မျှော်လင့်နေတဲ့ ပိုချက်တီနို
မန်စီးတီးအသင်းဟာ ကြားရက်တုန်းက ရီးရဲလ်မက်ဒရစ်နှင့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်မှာ မိနစ် ၁၂၀ အထိ ကစားခဲ့ရတာကြောင့် ပွဲပန်းနေတာက ဒီည အက်ဖ်အေပွဲမှာ ချဲလ်ဆီးအသင်း အခြေအနေကောင်းမယ် လို့ ချဲလ်ဆီးနည်းပြ ပိုချက်တီနိုက မျှော်လင့်နေပါတယ်။
မန်စီးတီးဟာ ဗုဒ္ဓဟူးနေ့တုန်းက အီတီဟတ်မှာ ရီးရဲလ်မက်ဒရစ်နှင့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ဒုတိယအကျော့ပွဲစဉ်တွင် နှစ်ကျော့ပေါင်းရလဒ် ၄ ဂိုးစီ သရေကျနေမှုကြောင့် အချိန်ပိုအထိ ကစားခဲ့ရကာ မိနစ် ၁၂၀ ကစားခဲ့ရပါတယ်။ မန်စီးတီး ဟာ ပင်နယ်တီအဆုံးအဖြတ်မှာမှ ၄-၃ ဖြင့် ရှုံးနိမ့်ကာ ချန်ပီယံလိဂ်မှ ထွက်ခဲ့ရပါတယ်။
မန်စီးတီးဟာ ယနေ့ည ဝင်ဘာလေကွင်းမှာ ချဲလ်ဆီးနှင် အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲစဉ် ယှဉ်ပြိုင် ကစားရပါမယ်။
ချဲလ်ဆီးအသင်း ဟာ ယခုရာသီတွင် မန်စီးတီးကို ရှုံ့းနိမ့်ထားခြင်းမရှိသေးဘဲ ၄-၄ နှင့် ၁-၁ သရေရလဒ်များ ရယူထားနိုင်ပါတယ်။
ပိုချက်တီနိုက “ချန်ပီယံလိဂ်မှာ မိနစ် ၁၂၀ ကစားရတာ ဘယ်လောက်အထိ အားအင်ကုန်တယ်ဆိုတာ ကျွန်တော်တို့ ကောင်းကောင်းသိပါတယ်။ ပြီးတော့ ခံစားချက်ကလည်း ရှိသေးတယ်။ ရှုံးပွဲကြုံတွေ့ရတဲ့အချိန်မှာ ပြန်လည်နလန်ထူဖို့ ဘယ်တုန်းကမှ မလွယ်ပါဘူး။
သူတို့အတွက် ခက်ခဲလာမှာ သေချာပါတယ်။ ကျွန်တော်တို့လည်း ဒီအတိုင်းပဲ ဖြစ်လာမှာပါ။ ဒါပေမဲ့ သူတို့မှာ မယုံနိုင်စရာကောင်းတဲ့ အသင်းပိုင်ဆိုင်ထားတယ်ဆိုတာ မေ့လို့ မရပါဘူး”လို့ ပြောကြားသွားပါတယ်။
ချဲလ်ဆီးအတွက် သတင်းကောင်းကတော့ ဒဏ်ရာနှင့် အဖျားကြောင့် အနားယူနေခဲ့ရတဲ့ အန်ဇိုဖာနန်ဒက်ဇ်နှင့် ရာဟမ်းစတာလင်းတို့လည်း ဒီည မန်စီးတီးနှင့်ပွဲတွင် ပါဝင်ကစားရန် အသင့်ဖြစ်နေပါတယ်။