၂နှစ်ဆက် FA ဗိုလ်လုပွဲ တက်တဲ့ မန်စီးတီး၊ ဂိုးမသွင်းတတ်တဲ့ ချယ်ဆီးကို တစ်ဂိုးပဲ သွင်းပြပြီး အနိုင်ယူလိုက်တဲ့ ပွဲ

မနေ့ညက ဝင်ဘာလေမှာ ထိပ်တိုက်တွေ့တဲ့ မန်စီးတီးနဲ့ ချယ်ဆီးတို့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲကတော့ ဘာနာဒို ဆေးလ်ဗား တစ်လုံးတည်းသော သွင်းဂိုးနဲ့ စီးတီးတို့ အနိုင်ရကာ ဗိုလ်လုပွဲ တက်သွားပြီ ဖြစ်ပါတယ်။

မန်စီးတီးလို အသင်းမျိုးနဲ့ ရင်ဆိုင်ရတဲ့အခါ အပိုင်အခွင့်အရေးတွေကို ဂိုးအဖြစ်ပြောင်းလဲနိုင်ဖို့ လိုအပ်ပြီး ချယ်ဆီးအသင်းဟာ အဲဒီအပိုင်းမှာ လုံးဝပျက်ကွက်ခဲ့ပါတယ်။ အခုပွဲမှာ ချယ်ဆီးအသင်းရဲ့စွမ်းဆောင်ရည်က သွင်းဂိုးတစ်ဂိုးက လွဲပြီး ကျန်တဲ့နေရာတွေမှာ ဘာမှ အပြစ်ပြောစရာမရှိခဲ့ပါဘူး။

မန်စီးတီးကတော့ ကစားပုံ အားရစရာမရှိပေမဲ့ လိုအပ်တဲ့ သွင်းဂိုးတစ်ဂိုးရဖို့ အခွင့်အရေးကို အကောင်းဆုံးအသုံးချနိုင်တာကြောင့် အခုလို နိုင်ပွဲရခဲ့တာပါပဲ။ ရီးယဲလ်နဲ့ပွဲတုန်းက ခြေကုန်ထုတ်ကစားခဲ့ပြီးမှ ရှုံးနိမ့်ခဲ့လို့ မန်စီးတီးကစားသမားတွေရဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာတွေမှာ အားနည်းချက်တွေရှိခဲ့ပြီး မြင်ရခဲတဲ့ တစ်ဦးချင်းအမှားတွေ ကျူးလွန်ခဲ့ကြပါတယ်။

ဟာလန်း မပါတဲ့ မန်စီးတီးတိုက်စစ်မှာ အယ်လ်ဗာရက်ဇ် က အထောင် တိုက်စစ် အဖြစ် ကစားပေမဲ့ အန်ဇိုဖာနန်ဒက်ဇ်+ကိုင်စီဒိုနဲ့ ချယ်ဆီးခံစစ်ကို မကျော်နိုင်ခဲ့ပါဘူး။

ဒီဘရိုင်းနားကစလို့ မန်စီးတီး ကစားသမားတစ်ယောက်ချင်းစီဟာ ပုံမှန်ခြေစွမ်းအောက်ရောက်နေပြီး No 6 နေရာမှာကစားတဲ့ ဂျွန်စတုန်းစ်ကလည်း ပုံပျက်နေတာကြောင့် ချယ်ဆီးတိုက်စစ်လမ်းကြောင်းတွေကို အလွယ်တကူပဲ ခွင့်ပြုပေးခဲ့ရပါတယ်။

ဒါပေမဲ့ မန်စီးတီးဂိုးသမား အော်တေဂါက လက်စွမ်းပြခဲ့ပြီး နီကိုလက်စ်ဂျက်ဆင်၊ ပါလ်မာတို့ရဲ့ကန်ချက်တွေကို အကောင်းဆုံးကာကွယ်နိုင်ခဲ့ပါတယ်။

ပွဲရဲ့အလှည့်အပြောင်းက ၆၆ မိနစ်မှာ ဂရီးလစ်ရှ်အစား ဒိုကူ ဝင်လာတာနဲ့ ညာခြမ်းမှာ အကောင်းဆုံးကစားနေတဲ့ နောက်ခံလူ ဂူစတို ဒဏ်ရာကြောင့် လူစားလဲခံခဲ့ရချိန်မှာ စတင်ခဲ့ပါတယ်။

ဒိုကူ ဝင်လာတော့မှ မန်စီးတီး တိုက်စစ်အသက်ဝင်လာပြီး ဂူစတိုနေရာမှာ ဝင်ကစားတဲ့ ဒီဆာဆီဟာ ဒိုကူကို ဘယ်လိုမှ မထိန်းနိုင်ခဲ့ပါဘူး။ ၈၄ မိနစ်မှာ ဒီဘရိုင်းနားရဲ့ ဖြတ်တင်ဘောကို ချယ်ဆီးဂိုးသမား ပက်ထရိုဗစ် ခြေထောက်နဲ့လှမ်းတားခဲ့ပေမဲ့ လမ်းကြောင်းပြောင်းပြီး ဘာနာဒိုဆေးလ်ဗားဆီ ရောက်သွားလို့ ဘာနာဒိုဆေးလ်ဗားက အပိုင်ကန်သွင်းယူခဲ့ပါတယ်။

ရီးရဲလ်နဲ့ပွဲတုန်းက ဆိုးရွားတဲ့ ပယ်နယ်တီကန်ချက်ကြောင့် ဝေဖန်ခံနေရတဲ့ ဘာနာဒိုဆေးလ်ဗားဟာ အခုပွဲမှာတော့ မန်စီးတီးအတွက် သူရဲကောင်းဖြစ်ခဲ့ပါတယ်။ ပွဲအပြီးမှာတော့ မန်စီးတီးတို့ ၁-၀ ဂိုးနဲ့အနိုင်ရခဲ့ပြီး FA ဖလား ဗိုလ်လုပွဲကို ၂ နှစ်ဆက်တိုက် တက်ရောက်နိုင်ခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ အသင်းသမိုင်းတစ်လျှောက် ၁၉၃၃၊ ၁၉၃၄ နဲ့ ၁၉၅၅၊ ၁၉၅၆ ခုနှစ်တွေမှာ FA ဖလား ဗိုလ်လုပွဲကို ၂ နှစ်ဆက်တိုက်တက်ရောက်ခဲ့ပြီး ၆၈ နှစ်အကြာမှာ တတိယအကြိမ်မြောက်အဖြစ် FA ဖလားဗိုလ်လုပွဲ ၂ နှစ်ဆက်ရောက်ရှိခဲ့တာဖြစ်ပါတယ်။