ချန်ပီယံဖြစ်လာပြီးနောက် ထိုင်းမြေမှာ မြန်မာအလံ လွှမ်းခြုံ အောင်ပွဲခံခဲ့တဲ့ အောင်ကောင်းမာန်

မနေ့က ကျင်းပခဲ့တဲ့ ထိုင်းလိဂ် (၂) ပွဲစဉ်မှာ အောင်ကောင်းမာန်ရဲ့ နာခွန်ရချာရှီးမား ( ခိုရတ် ) အသင်းက အမှတ်ပေးဇယား ဒုတိယ နေရာက နောင်ဘူရာ အသင်းကို အနိုင်ယူပြီး ချန်ပီယံ ဖြစ်ခဲ့ပါတယ်။
ထိုင်းလိဂ်(၂) က ရာသီသိမ်းဖို့ လက်ကျန်တစ်ပွဲကျန်နေသေးချိန်မှာ နာခွန်ရချာရှီးမားက ဒုတိယနေရာက နောင်ဘူရာကို ဒီနိုင်ပွဲကြောင့် သုံးမှတ်ဖြတ်ထားနိုင်ပြီး Head to Head စည်းမျဉ်းအရ နောက်ဆုံးပွဲအနိုင်အရှုံးက အရေးမပါတော့ဘဲ ချန်ပီယံဖြစ်ခဲ့တာပါ။
အောင်ကောင်းမာန်က ထိုင်းမြေမှာ ချန်ပီယံဖလား ကိုင်မြှောက်နိုင်ခဲ့သလို သူလက်ရှိကစားနေတဲ့ နာခွန်ရချာရှီးမားအသင်းကလည်း နောက်ရာသီမှာတော့ ထိုင်းလိဂ် (၁)ကို တက်လှမ်းနိုင်ခဲ့ပြီဖြစ်ပါတယ်။ ပွဲအပြီးမှာ အောင်ကောင်းမာန်က မြန်မာအလံခြုံကာ အောင်ပွဲခံခဲ့တာ တွေ့ရပါတယ်။
အောင်ကောင်းမာန်ဟာ နာခွန်ရချာရှီးမားမှာ ၈ ပွဲကစား ၂ ဂိုးသွင်းခဲ့သလို အဆုံးအဖြတ်ပွဲမှာလည်း ၁၅ မိနစ်ကြာ လူစားဝင်ခွင့်ရခဲ့ပါတယ်။ သူဟာ ထိုင်းလိဂ်မှာ ကျော်ကိုကို၊ အောင်သူ၊ မောင်မောင်လွင်တို့ပြီးရင် ချန်ပီယံဖြစ်ခဲ့တဲ့ လေးယောက်မြောက် မြန်မာကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
အောင်ကောင်းမာန်ဟာ ထိုင်းကလပ်နဲ့ စာချုပ်တစ်ရာသီ ထပ်တိုးထားလို့ လာမဲ့ဘောလုံးရာသီမှာ သူ့ကို ထိုင်းလိဂ် (၁) မှာ မြင်ရတော့မှာပါ။