အာဆင်နယ် ဇယားထိပ် ရောက်နေတုန်း အခွင့်ကောင်းယူပြီး မန်စီးတီးကို ပို ဖိအားပေးထားချင်တဲ့ အာတီတာ

အာဆင်နယ် နည်းပြ မီခေးလ် အာတီတာက ပရီးမီးယားလိဂ် ဆုဖလားလုပွဲမှာ မန်စီးတီးကို အသာစီးယူပြီး ဖိအားပေးမှုတွေ ပြုလုပ်ဖို့ အာဆင်နယ် ကစားသမားတွေကို တိုက်တွန်းသွားခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ ယနေ့ ချဲလ်ဆီးကို အနိုင်ယူနိုင်မယ်ဆိုရင် မန်စီးတီးကို ၄မှတ်ဖြတ်ပြီး ဦးဆောင်ကာ ဖိအားပေးနိုင်တော့မှာ ဖြစ်ပါတယ်။
နှစ်ပွဲလျော့ အနေအထားရှိနေမယ့် မန်စီးတီးဟာ ကြာသပတေးညမှာ ဘရိုက်တန်နဲ့ ခက်ခဲတဲ့ ပွဲစဉ်တစ်ခုကို ကစားရမှာဖြစ်ပြီး ခြေချော်ခဲ့မယ်ဆိုရင်တော့ ဂန်းနားတွေကို အခွင့်အရေးပေးလိုက်သလို ဖြစ်သွားမှာပါ။
အာတီတာကတော့ အခွင့်အရေးရချိန် ဇယားထိပ် ရောက်အောင်လုပ်ပြီး မန်စီးတီးကို ဖိအားပေးမှုတွေ ပြုလုပ်ဖို့ တိုက်တွန်းသွားခဲ့ပါတယ်။
အာတီတာက “အဲ့ဒီအခြေအနေက အကူအညီဖြစ်ပါတယ်။ နိုင်ပွဲတွေရယူပြီး အမှတ်ကွာဟချက်ကို တတ်နိုင်သမျှလျှော့ချဖို့ လိုအပ်နေတာပါ။ အခုအချိန်မှာ အခွင့်အရေးက ကျွန်တော်တို့ လက်ထဲ မရှိလို့ အဲ့ဒါပဲ ကျွန်တော်တို့တတ်နိုင်ပါတယ်။
ကျွန်တော်တို့ အကောင်းဆုံး ကစားပြီး အနိုင်ယူမှသာ မန်စီးတီးက ဖိအားတွေများလာမှာပါ။ ကိုယ့်အလုပ်ကိုယ်လုပ်ဖို့ လိုအပ်တာကြောင့် အခုအချိန်မှာ အနိုင်ရဖို့ကပဲ အရေးအကြီးဆုံး ဖြစ်ပါတယ်”လို့ ပြောခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ အက်စတွန်ဗီလာနဲ့ ဘိုင်ယန်မြူးနစ်တို့ကို နှစ်ပွဲဆက် အရေးနိမ့်ခဲ့ပေမယ့် ဝုဗ်နဲ့ ပွဲမှာတော့ နှစ်ဂိုးပြတ် အနိုင်နဲ့အတူ ပြန်လာနိုင်ခဲ့ပါတယ်။