တိုင်းဒေသကြီးအချို့နဲ့ ပြည်နယ်အချို့အတွက် မိုးလေဝသ ကြိုတင် သတိပေးချက်

မြန်မာနိုင်ငံအတွင်းရှိ တိုင်းဒေသကြီးအချို့တွင် မြင့်မားလာနိုင်မည့် အပူဒဏ်ကို သတိထားရန် မိုးလေဝသပညာလေ့လာသုံးသပ်သူ ဦးဝင်းနိုင်က ၎င်း၏ လူမှုကွန်ရက်တွင် သတိပေး‌ရေးသားထားသည်။

ဧပြီလ နောက်ဆုံးအပတ်အတွက် အပူလှိုင်းကြိုတင်သတိပေးချက်ကို အိန္ဒိယမိုးလေဝသဌာနကထုတ်ပြန်ထားပြီး အလားတူအပူချိန်သည် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံဒေသတချို့တွင်လည်း တွေ့နေရကြောင်း ရေးသားထားသည်။

အဆိုပါ သတိပေးချက်ထုတ်ပြန်သည်ဖြစ်စေ မထုတ်ပြန်သည်ဖြစ်စေ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းဒေသတွင် မြင့်မားလာနိုင်မည့် အပူဒဏ်ကိုသတိထားကြရန် သတိပေးထားသည်။

ဧပြီလ ၂၇ ရက်နှင့် ၂၈ ရက် လာမည့် စနေ+တနင်္ဂနွေနေ့တွင် အထက်ပါ တိုင်းဒေသကြီးတွေ အပြင် ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်များ၌ နေ့အပူချိန်များ ထပ်မံတိုးလာနိုင်ပါသည်။

အပူချိန်မြင့်တက်မှုကြောင့် လူသေဆုံးမှုများရှိခဲ့ကြောင်း၊ထို့ပြင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင်လည်း အပူဒဏ်နှင့်ဆက်စပ်သည့် ရောဂါများအတွက် ကုသမှုနည်းလမ်းများ၊ ဆေးဝါးများနှင့် သီးသန့် ကုသမှုပေးနိုင်မည့် ကုသခန်းများကို ကြိုတင်ပြင်ဆင်ထားကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်အတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ ဆေးရုံများတွင် အပူဒဏ်နှင့်ပတ်သက်ပြီး ဖြစ်ပေါ်လာသည့် ရောဂါ အမျိုးမျိုးကြောင့် ဆေးရုံတက်ရောက်ကုသသည့် လူနာပေါင်း ၄၀၀ ခန့်ရှိကြောင်း ရန်ကုန်ဆေးရုံကြီးက ထုတ်ပြန်ထားသည်။