မြန်မာနိုင်ငံအနီးကို ရောက်ရှိလာတော့မယ့် ကမ္ဘာ့အမြင့်ဆုံး အဆောက်အဦး

ကမ္ဘာပေါ်မှာ အမြင့်ဆုံးတိုက်ဖြစ်လာစေမယ့် အဆောက်အဦးကို ထိုင်းနိုင်ငံမှာတည်ဆောက်ဖို့ အရှေ့အလယ်ပိုင်းနဲ့ တရုတ်က ဆောက်လုပ်ရေးကုမ္ပဏီတွေနဲ့ ဆွေးနွေးခဲ့တယ်လို့ ထိုင်းဝန်ကြီးချုပ်လည်းဖြစ် ဘဏ္ဍာရေးဝန်ကြီးလည်းဖြစ်တဲ့ ဆေထာထဝီးဆင်က ပြောကြားလိုက်ပါတယ်။
ဝန်ကြီးချုပ် ဆေထာက တိုင်းပြည်ရဲ့စီးပွားရေး မြှင့်တင်ဖို့နဲ့ ပြည်သူတွေ ဝင်ငွေ အခွင့်အလမ်း ရှိစေဖို့အတွက် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုတွေကို အားပေးဖို့ဟာ အရေးကြီးကြောင်း မီဒီယာတွေကို ထုတ်ပြောခဲ့တယ်။
ထိုင်းအစိုးရအဖွဲ့ဟာ ကမ္ဘာပေါ်မှာ နည်းပညာနဲ့ ခေတ်မီအဆောက်အဦတွေကို တည်ဆောက်ရာမှာ နာမည်ကြီးတဲ့ အရှေ့အလယ်ပိုင်းနဲ့ တရုတ်ကုမ္ပဏီ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး ၎င်းတို့ရဲ့ ပရော်ဂျက်သစ်အတွက် စကားပြောမှု ပြုလုပ်ခဲ့ပါတယ်။
ဒူဘိုင်းက Non-Concrete ပုံစံ Burj Khalifa အဆောက်အဦကြီးလိုမျိုး ထိုင်းမှာလည်း နည်းပညာပိုင်း အသုံးပြုပြီး ကမ္ဘာပေါ်မှာ အမြင့်ဆုံးတိုက် ဆောက်ဖို့ ဆွေးနွေးနေကြတာဖြစ်ပါတယ်။
ဝန်ကြီးချုပ် ဆေထာက ” အဲဒီတိုက်ကြီးထဲမှာ အဆင့်မြင့်ဟိုတယ်၊ အကြီးဆုံးကုန်တိုက်၊ ဘဏ္ဍာရေးအချက်အချာ၊ ပြည်သူ့ဝန်ဆောင်မှုဌာန စတာတွေရှိမယ်၊ အဓိကက နိုင်ငံခြားခရီးသွားဧည့်သည်တွေ ဆွဲဆောင်ဖို့ဖြစ်တယ်” လို့ ပြောပါတယ်။
ထိုင်းအစိုးရနဲ့ ဆွေးနွေးနေတဲ့ EMAAR Group ဟာ ဒူဘိုင်းက ထင်ရှားတဲ့ Burj Khalifa အဆောက်အဦကြီးကို တည်ဆောက်ခဲ့တဲ့အဖွဲ့ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံက လက်ရှိ အမြင့်ဆုံးတိုက်မှာ ဘန်ကောက်က Magnolias Waterfront Residences Iconsiam အဆောက်အဦဖြစ်ပြီး အမြင့် ၃၁၈ မီတာ ရှိပါတယ်။