သင်္ကြန်ကာလအပြီး ဆန်စျေးနှုန်းများ ထပ်မံ မြင့်တက်

သင်္ကြန်ကာလအပြီး ဆန်ဈေးနှုန်းများ ထပ်မံမြင့်တက်လာကြောင်း ဆန်ကုန်သည်များထံမှ သိရသည်။
ပြည်တွင်းစားသုံးမှုများသည့် ပေါ်ဆန်းမွှေးဆန်နှင့် ဆန်သား ၉၅ ရာခိုင်နှုန်းပါဝင်သည့် ဆန်ကြမ်းများသည် ဈေးကွက်အတွင်း ဝယ်လိုအားများလျက်ရှိကာ သင်္ကြန်အပြီးတွင် ဈေးနှုန်းများလည်း သိသာစွာ မြင့်တက်လာကြောင်း သိရသည်။
” သင်္ကြန်အပြီးမှာ ဆန်က အချောရော အကြမ်းပါ ဈေးတက်လာတယ်။ အချောဆိုရင် တစ်အိတ်ကို ငါးထောင်လောက်တက်တယ်။ အကြမ်းဆိုရင် သုံးထောင်လောက်တက်တယ်။ အဝယ်သွက်တာက အကြမ်းက ပိုသွက်တယ်။ ဆန်က ဈေးကျဖို့တော့ မရှိနိုင်ဘူး။ ” ဟု ရန်ကုန်မြို့တွင် ဆန်လက္ကားရောင်းချနေသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
လက်ရှိတွင် စားသုံးသူများသည့် ဆန်သားပါဝင်မှု ၉၀ ရာခိုင်နှုန်းကျော်ရှိသော ရွှေဘိုပေါ်ဆန်း(အဟောင်း) တစ်တင်းခွဲတစ်အိတ်လျှင် ၁၈၅,၀၀၀ ကျပ်၊ ရွှေဘို(အသစ်) ၁၆၅,၀၀၀ ကျပ်၊ အိတ်စ်ပို့ဆန် ရက်(၉၀) အဝါအကြည် ၇၁,၀၀၀ ကျပ်၊ ပေါ်ဆန်း(ထူးရှယ်) ၁၃၅,၀၀၀ ကျပ်၊ ဖန်သီးသုခ(အသစ်) ၁၀၇,၀၀၀ ကျပ်၊ ဆင်းသွယ်(အသစ်) ၉၀,၀၀၀ ကျပ်နှင့် အညာသား(ရှယ်) တစ်အိတ်လျှင် ၁၀၁,၀၀၀ ကျပ်တို့ အသီးသီးရှိပြီး အဆိုပါ ဈေးနှုန်းများမှာ လက္ကားဈေးနှုန်းများဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဆန်လက်လီစျေးကွက်အတွင်း၌လည်း သင်္ကြန်ကာလအပြီးတွင် ဆန်အမျိုးအစားပေါ် မူတည်၍ စျေးနှုန်းများ အနည်းငယ်မြင့်တက်လာကြောင်း သိရသည်။