ကမ္ဘာ့အပူချိန်အမြင့်ဆုံး ထိပ်ဆုံး ၃ မြို့စာရင်းထဲ မြန်မာနိုင်ငံမှ မြို့ ပါဝင်

ကမ္ဘာ့အပူချိန်အမြင့်ဆုံး ၁၅ မြို့ထဲမှာ မြန်မာ ၊ မကွေးတိုင်းက ချောက်မြို့နယ်နဲ့ မန္တလေးတိုင်းက ညောင်ဦးမြို့နယ်တို့ ပါဝင်တယ်လို့ ကမ္ဘာ့အပူချိန်နဲ့မိုးရေချိန်တွေကို တိုင်းတာထုတ်ပြန်တဲ့ အယ်ဒိုရာဒို ရာသီဥတု ဝက်ဘ်စာမျက်နှာကနေ ဧပြီ ၂၄ ရက် မနက်ပိုင်းက ကြေညာထားပါတယ်။
ချောက်မြို့မှာ အပူအချိန် ၄၅ ဒသမ ၉ ဒီဂရီဆဲလ်ဆီးယပ် အထိ မြင့်တက်နေပြီး ကမ္ဘာ့အပူဆုံး နံပါတ် ၃ နေရာမှာ ရောက်နေတာဖြစ်ပါတယ်။ ညောင်ဦးကတော့ ၄၄ ဒသမ ၇ ဒီဂရီဆဲလ်ဆီးယပ် အထိ အပူချိန်ရှိနေပြီး နံပါတ် ၉ မှာ ရောက်ရှိနေတာလို့ ထုတ်ပြန်ထားပါတယ်။
မနေ့ ဧပြီ ၂၃ ရက်ကတော့ ချောက်မြို့က ကမ္ဘာ့အပူချိန်အမြင့်ဆုံး ၁၅ မြို့ထဲမှာ နံပါတ် ၁ နေရာမှာ ရှိခဲ့တာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ အပူချိန်တွေ ဆက်တိုက်မြင့်လာနိုင်တာကြောင့် အသက်အန္တရာယ်ဖြစ်စေနိုင်တဲ့ အပူရှပ်တာ၊ အပူကြောင့်လေဖြတ်တာ၊ အပူကြောင့် သွေးလန့်တာနဲ့ ကြွက်တက်တာတွေ ဖြစ်နိုင်တယ်လို့ အထွေထွေရောဂါကု ဆရာဝန်ကြီးတွေက သတိပေးထားကြပါတယ်။