စီးပွားရေးကြပ်တည်းလို့ ဆံပင်ဖြတ်ရောင်းပြီး ရေတိုဖြေရှင်းမှု များလာ

ဧရာဝတီတိုင်းတွင် ဆံပင်အရောင်းအဝယ်လုပ်ငန်းများ ယခင်ကထက် တွင်တွင် ကျယ်ကျယ် အရောင်းအဝယ်ဖြစ်လာကြောင်း ဆံပင်ရောင်းဝယ်ရေးလုပ်ငန်းရှင်များထံမှ သိရသည်။

ဧရာဝတီတိုင်းတွင် အလုပ်အကိုင်ရှားပါလားခြင်း၊ ကုန်ဈေးနှုန်းများမြင့်တက်လာခြင်း၊ ရရှိသည့်လုပ်အားခနှင့် ကုန်ကျစရိတ် မမျှတခြင်းများကြောင့် စားဝတ်နေရေးကြပ်တည်းလာသည့်သဖြင့် အမျိုးသမီးများက ဆံပင်များကိုဖြတ်ရောင်းပြီး ဖြေရှင်းလာကြကြောင်း ပုသိမ်မြို့နယ်မှ ဆံပင်ဖြတ်ရောင်းခဲ့သည့် ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

ယခင်က ဘုရားနဲ့ ဘုန်းကြီးကျောင်းတွေကို လှူဒါန်းဖို့ရာ ဆံပင်ဖြတ်ပြီး ရောင်းချကြပေမယ့် ယခုအခါမှာ စားဝတ်နေရေး အဆင်မပြေဖြစ်လာလို့ ကြံရာမရတဲ့ အဆုံး ဆံပင်ကိုဖြတ်ရောင်းတာဟု ၎င်းက ဆက်ပြောသည်။

ဆံပင်ဝယ်ရောင်းများကာ အမျိုးသမီးများ ဆံပင်ဖြတ်ရောင်းချမှု ပိုမိုများပြားလာသည့်အတွက် ယခင်ကထက် အရောင်းအဝယ်ပိုကောင်းလာ‌ ကြောင်း ဆိုသည်။

ပြည်တွင်းမှာ ဝယ်ယူရရှိတဲ့ ဆံပင်တွေကို စနစ်တကျ သန့်စင်အောင်ဆေးပြီး နေပူလှန်း၊ အတိုအရှည်ဆိုဒ်ခွဲကာ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ထိုင်းနိုင်ငံစတဲ့ ပြည်ပဈေးကွက်တွေကို ပိဿာချိန် ဒါမှမဟုတ် ကီလိုနဲ့ပြန်လည်ရောင်းချတာလို့ သိရသည်။

ဆံပင်ရောင်းဝယ်ရေးလုပ်ကိုင်သူများသည် ၎င်းတို့ဝယ်ယူသည့် ဆံပင်များကို ကျွတ်စ၊ အပွအရိုင်းနှင့် အတိုအရှည်ဆိုပြီးဆိုဒ်ခွဲကာ လက်ရှိဆံပင် ၁၂ လက်မ မှ ၃၅ လက်မ အထက်အထိ ဆံပင်တစ်ပိဿာလျှင် ငွေကျပ် ၂၅၀,၀၀၀ မှ ၁၈ သိန်းအထိဈေးဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။