လူတိုင်း တတ်နိုင်တဲ့ဈေးနှုန်းနဲ့ ဖွင့်ထားတဲ့ ထူးထူးခြားခြား အလန်းစား အာကာသ စား‌သောက်ဆိုင်

လူတွေ လက်လှမ်းမှီ လာစားနိုင်အောင် ဖွင့်ထားတဲ့ အလန်းစား အာကာသ စား‌သောက်ဆိုင် တစ်ခု ရှိနေပါတယ်။ Space 220 က အာကာသ စား‌သောက်ဆိုင် ဆိုပေမယ့် အမှန်တကယ် အာကာသထဲမှာရှိတာမဟုတ်ဘဲ animation နဲ့ဖန်တီးထားတာပါ။

အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ် Walt Disney World Resort အတွင်းကက EPCOT Theme Park ထဲမှာတည်ရှိတဲ့ Space 220 စားသောက်ဆိုင်က အာကာသထဲကိုအမှန်တကယ်‌ရောက်သွားသလို ခံစားရအောင်ဖန်တီးထားတဲ့ Space themed restaurant တစ်ခုဖြစ်ပါတယ်။

Space 220 ဆိုတဲ့နာမည်အတိုင်းပဲ နိုင်ငံတကာအာကသစခန်း (ISS) တည်ရှိတဲ့ မြေပြင်အထက်မိုင် ၂၂၀ မှာရောက်နေသလိုဖြစ်အောင် လုပ်ထားပါတယ်။ စားသောက်ခန်းမထဲမရောက်ခင် အရင်ဆုံး အာကာသ ဓာတ်လှေခါးစီးရပါမယ်။ အမှန်တကယ်ကမ္ဘာမြေမှ ထွက်ခွာသွားတဲ့မြင်ကွင်းမျိုး ဖြစ်အောင် simulation နဲ့လုပ်ထားပါတယ်။

ပြီးသွားရင်တော့ ISS မှာ အမှန်တကယ် အသီးအနှံများစိုက်ပျိုးထားတဲ့ပုံစံအတိုင်း inspire ယူထားတဲ့ vegetable garden ကိုဖြတ်သန်းပြီး စားသောက်ခန်းမကိုရောက်ပါပြီ။ မြင်ကွင်းကျယ်ပြတင်းပေါက်များ (ကဲ့သို့ဖန်တီးထားတဲ့ screen များ) ပါရှိပြီး ISS ကနေကမ္ဘာကိုမြင်တွေ့ရတဲ့အတိုင်း မြင်ကွင်းမျိုးမြင်တွေ့ရမှာပါ။ ထို့အပြင်ကြယ်များနှင့် လွင့်မျောနေသော ဥက္ကာခဲများကိုပါမြင်တွေ့ရမှာဖြစ်ပါတယ်။

ဈေးနှုန်းတွေကတော့နေ့လည်စာ (၂ မယ်) အတွက် ၅၅ ဒေါ်လာနဲ့ ညစာ (၃ မယ်) အတွက် ၇၉ ဒေါ်လာပါ။ Space themed ဖြစ်လို့ ဒီဆိုင်မှာရရှိနိုင်တဲ့ ဝန်ဆောင်မှု၊ ဟင်းပွဲ၊ အချိုပွဲနှင့် အဖျော်ယမကာအားလုံးရဲ့နာမည်တွေကို အာကာသဆန်ဆန်ပေးထားပါတယ်။

ဥပမာ Big Bang Burrata (အီတလီချိစ်မုန့်)၊ Starry Calamari (ကင်းမွန်)၊ Blue Moon Cauliflower (ပန်းဂေါ်ဖီ)၊ Neptuna Tartare (တူနာငါး)၊ Space Greens (အရွက်သုပ်)၊ Seafood Cannelloni Rockets (ပင်လယ်စာအသားလိပ်)၊ Neptuna Tartare (အသားကင်)၊ Centauri Burger (ဘာဂါ) စသဖြင့်နာမည်ပေးထားပါတယ်။

အချိုပွဲတွေကို Supernova Sweets လို့ခေါ်ပြီး Side dishes တွေကို Satellite Sides လို့နာမည်ပေးထားပါတယ်။

သောက်စရာအအေးတွေကို Moon Rock (အသီးဖျော်ရည်) Lightyear Lemonade (သံပုရာရည်)၊ The Milky Way (ice coffee)၊ Stratosphere Strawberry Lemonade ဆိုပြီးပေးထားပါတယ်။

Cocktail တွေကိုလည်း Jupiter’s Fizz, The Big Tang, The Nebula, Planetary Punch စသဖြင့်နာမည်တွေကို အာကသဆန်ဆန်ပေးထားပါတယ်။ စားပြီးပြန်ထွက်ရင်လည်း အာကာသဓာတ်လှေခါးနဲ့ ကမ္ဘာမြေကိုပြန်ဆင်းရမှာဖြစ်ပါတယ်။

Space 220 စားသောက်ဆိုင်ကို Walt Disney World ရဲ့နှစ် ၅၀ ပြည့်အထိမ်းအမှတ်အဖြစ် ဖွင့်လှစ်ထားတာပါ။ အခုချိန်မှာအာကာသကို သွားရောက်လည်ပတ်ရတာ အနည်းဆုံးဒေါ်လာ ၃ သိန်းလောက်ရှိလို့ လူတိုင်း တတ်နိုင်တဲ့ဈေးနှုန်းနဲ့ space tourism simulator တစ်ခုအနေနဲ့ ဖန်တီးထားတာပါ။