ဟာလန်း မပါပေမယ့် ဘရိုက်တန်ကို အဝေးကွင်းမှာ ရင်ဆိုင်ပြီး ခြေလှမ်း မမှား၊ ဂိုးပြတ်သွင်း နိုင်ပွဲယူခဲ့တဲ့ မန်စီးတီး

ယနေ့မနက် အစောပိုင်းက ကစားခဲ့တဲ့ ဘရိုက်တန်အသင်းနဲ့ မန်စီးတီးတို့ရဲ့ ပွဲစဉ်မှာတော့ မန်စီးတီးအသင်းက အမှားအယွင်းမရှိ ၄ ဂိုးပြတ် ကစားပြီး ထိပ်ဆုံးမှ အာဆင်နယ် အသင်းထက် တစ်ပွဲလျော့ ၊ တစ်မှတ်လျော့ အနေအထားနဲ့ ဆက်လက် ဖိအားပေးထားနိုင်ခဲ့ပါတယ်။

အိမ်ကွင်းမာတဲ့ ဘရိုက်တန်အသင်း အနေနဲ့ ဧည့်သည်မန်စီးတီးအသင်းကို ယခုတစ်ခေါက်ပွဲစဉ်မှာ ကောင်းကောင်း ဖိအားပေး ကစားနိုင်ခြင်း မရှိခဲ့ပဲ မန်စီးတီးအသင်းကသာ စိတ်ကြိုက် ပွဲကို ပုံဖော် ကစားသွားနိုင်ခဲ့ပါတယ်။

ဟာလန်းကို အသုံးမပြုသွားနိုင်ခဲ့ပေမယ့် စီးတီးက အဲဗားရက်ဇ်၊ ဖိုဒန်၊ ဒီဘရိုင်း၊ ဆေးလ်ဗားစတဲ့ တိုက်စစ်အစုအဖွဲ့နဲ့ ဘရိုက်တန်ကို လာရောက် ရင်ဆိုင် သွားခဲ့ပြီး ဘရိုက်တန်ကတော့ ပွဲအစကတည်းက မန်စီးတီးအသင်းကို ဂိုးတွေ တရစပ် ခွင့်ပြုပေးခဲ့ရပါတယ်။

မန်စီးတီးအသင်းအတွက် သွင်းဂိုးတွေကိုတော့ ပွဲအစ ၁၇ မိနစ်မှာတင် ဒီဘရိုင်းက စတင် သွင်းယူပေးသွားခဲ့ပြီး ဖိုဒန် က နှစ်ဂိုးဆက်တိုက် ဆက်လက် သွင်းယူပေးခဲ့သလို ဒုတိယပိုင်းမှာ အဲဗားရက်ဇ်က စတုတ္ထမြောက်ဂိုး ထပ်မံသွင်းယူပေးခဲ့တာကြောင့် မန်စီးတီးတို့ ယခုလို ဂိုးပြတ် အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

ဘရိုက်တန်အသင်းကတော့ ဒုတိယပိုင်းမှာ ပင်နယ်တီ ကန်သွင်းခွင့်ရလောက်တဲ့ အနေအထားတွေ ပိုင်ဆိုင်နိုင်ခဲ့ပေမယ့် ကွင်းလယ်ဒိုင်က ခွင့်ပြုခြင်းမရှိခဲ့တာကြောင့် နစ်နာခဲ့ရပြီး မန်စီးတီးအသင်းဘက်ကို သွင်းဂိုးတစ်ဂိုးမှ ပြန်လည် မသွင်းယူနိုင်ခဲ့ပါဘူး။

ထိပ်ဆုံးမှ အာဆင်နယ်ထက် တစ်မှတ်သာ လျော့နည်းနေတဲ့ မန်စီးတီးအသင်းဟာ လက်ကျန် ပွဲစဉ်အဖြစ် ဖောရက်စ်နဲ့ ဆက်လက် ကစားရဦးမှာ ဖြစ်ပြီး ရာသီပိတ် ပွဲစဉ်တွေမှာလည်း စပါးတစ်သင်းထဲသာ လောက်လောက်လားလား ယှဉ်ပြိုင်ဖို့ ရှိနေတာကြောင့် အခြေအနေကောင်းမွန်နေဆဲ ဖြစ်နေတာ တွေ့ရပါတယ်။