လီဗာပူး ကို ပရီးမီးယားလိဂ် ချန်ပီယံ လုဘက် စာရင်းထဲက မထုတ်သေးတဲ့ ပပ် ဂွာဒီယိုလာ

မန်ချက်စတာ စီးတီး နည်းပြ ပပ် ဂွာဒီယိုလာက သူတို့ရဲ့ ချန်ပီယံလုဘက် လီဗာပူးဟာ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ ရှုံးနိမ့် ခဲ့ပေမယ့် ချန်ပီယံလုပွဲထဲမှာ ဆက်ရှိနေတုန်းပဲလို့ ဘရိုက်တန် ကို စီးတီး ၄ဂိုးပြတ် နိုင်တဲ့ ပွဲအပြီးမှာ ပြောကြားသွားခဲ့ပါတယ်။
ဂွာဒီယိုလာရဲ့ မန်ချက်စတာ စီးတီးက ယနေ့မနက်မှာ ပရီးမီးယားလိဂ် ပွဲကျန်အဖြစ် ဘရိုက်တန်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားခဲ့ရပြီး ရှေ့ရက်မှာ ချန်ပီယံ လုဘက် အာဆင်နယ်က နိုင်ပွဲ ရထားတာကြောင့် မန်ချက်စတာ စီးတီးဟာ ချန်ပီယံဘွဲ့ကို ကာကွယ်ချင်ရင် ဒီနေ့ပွဲမှာ ဘရိုက်တန်ကို မဖြစ်မနေ အနိုင်ကစားဖို့ လိုအပ်ခဲ့ပါတယ်။
မန်ချက်စတာ စီးတီး အတွက် အနိုင်ဂိုးတွေကို ပွဲချိန် ၁၇မိနစ်မှာ ဒီဘရိုင်း ၊ ပွဲချိန် ၂၆မိနစ်နဲ့ ၃၄မိနစ်တွေမှာ ဖိုဒန်နဲ့ ပွဲချိန် ၆၂မိနစ်မှာ အယ်ဗာရက်ဇ်တို့က အသီးသီး သွင်းယူပေးခဲ့ကြပြီး ဘရိုက်တန်ကို အဝေးကွင်းမှာ ဂိုးပြတ်နိုင်ခဲ့တာကြောင့် မန်ချက်စတာ စီးတီးဟာ တပွဲလျော့နေပေမယ့် ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အဆင့်(၂)နေရာကို ပြန်လည် တက်လှမ်းနိုင်ခဲ့ပါတယ်။
မန်ချက်စတာ စီးတီးရဲ့ ချန်ပီယံလုဘက် ဖြစ်တဲ့ လီဗာပူးက နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၄ပွဲမှာ ၁ပွဲနိုင် ၊ ၁ပွဲသရေ ၊ ၂ပွဲရှုံး ဆိုတဲ့ ရလဒ်ဆိုး တခုကို ပိုင်ဆိုင်ခဲ့တာကြောင့် ချန်ပီယံဖြစ်ဖို့ ရာခိုင်နှုန်း အတော်လေး နည်းသွားပေမယ့် ဂွာဒီယိုလာကတော့ ကလော့ပ်ရဲ့ အသင်းဟာ ချန်ပီယံလုပွဲထဲ ကနေ မထွက်သေးဘူးလို့ ဆိုလာပါတယ်။
ဂွာဒီယိုလာက – “ပရီးမီးယားလိဂ် ချန်ပီယံလုပွဲထဲမှာ ကျွန်တော်တို့နဲ့ အာဆင်နယ်ပဲ ရှိတော့တာ မဟုတ်ပါဘူး။ လီဗာပူးက ရှုံးပွဲ ၂ပွဲ ကြုံခဲ့ရသလိုမျိုး အာဆင်နယ်ရော ၊ ကျွန်တော်တို့ပါ ကြုံတွေ့ရနိုင်ပါတယ်။ လက်ရှိမှာ အရေးအကြီးဆုံးက ချန်ပီယံလုပွဲထဲမှာ ဆက်ရှိနေဖို့ပါပဲ။ ကစားဖို့ ပွဲတွေ အများကြီး ကျန်နေပါသေးတယ်” လို့ေ ပြာကြားသွားခဲ့တာပါ။
မန်ချက်စတာ စီးတီးက အာဆင်နယ်နဲ့ လီဗာပူးတို့ထက် ၁ပွဲလျော့နေပေမယ့် အဆင့်(၁)နေရာဆီ ရောက်နေတဲ့ အာဆင်နယ်နဲ့ ရမှတ် ၁မှတ် သာ ကွာဟတော့သလို အဆင့်(၃)နေရာမှာ ရှိနေတဲ့ လီဗာပူးထက် ရမှတ် ၂မှတ် အသာရသွားပြီး ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ဖို့ အခြေအနေ ကောင်းလာပါတယ်။