မြို့ခံ ပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက်ရဲ့ နာမည်ကျော် စံချိန်ကောင်း တစ်ခုကို ဒီရာသီမှာ မန်စီးတီး ချိုးဖျက်နိုင်ဖို့ နီးစပ်နေပါပြီ
ပြီးခဲ့တဲ့ ဘရိုက်တန်နဲ့ပရီးမီးယားလိဂ်အဝေးကွင်းပွဲမှာ မန်စီးတီးအသင်းဟာ အမှားအယွင်းမရှိဘဲ ၄-၀ ဂိုးပြတ်အနိုင်ရခဲ့ပြီး ပရီးမီးယားလိဂ်လက်ရှိချန်ပီယံဘွဲ့ကာကွယ်ဖို့ အခြေအနေ ကောင်းနေဆဲပါပဲ။
မန်စီးတီးအသင်းဟာ ၂၀၂၂ မေလနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ် ၄ ပွဲဆက်တိုက် ၄ ဂိုးနဲ့အထက် သွင်းယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ မတ်လတုန်းက အဲဒီလို စွမ်းဆောင်နိုင်ခဲ့သလို မန်ချက်စတာယူနိုက်တက်အသင်းကလည်း ၂၀၀၀ ဧပြီလအတွင်း ပရီးမီးယားလိဂ် ၄ ပွဲဆက်တိုက် ၁ ပွဲကို ၄ ဂိုးနဲ့အထက် သွင်းခဲ့ပါတယ်။
မန်စီးတီးကွင်းလယ်လူ ရိုဒရီ ကလည်း သူ ပွဲထွက်ကစားတဲ့အခါတိုင်း မရှုံးတဲ့ မှတ်တမ်းကောင်းကို ဆက်လက်ထိန်းသိမ်းခဲ့ပြီး အခုဆိုရင် ၆၉ ပွဲအထိရှိလာပြီဖြစ်ပါတယ်။
မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့ဒီဇင်ဘာလတုန်းက အက်စတွန်ဗီလာကို ၁-၀ ဂိုးနဲ့ရှုံးပြီးနောက်ပိုင်း ပြိုင်ပွဲစုံမှာ ရှုံးပွဲမရှိတာက ပွဲ ၃၀ (၂၄ ပွဲနိုင်၊ ၆ ပွဲသရေ)အထိရှိလာပြီဖြစ်လို့ မြို့ခံပြိုင်ဘက် ယူနိုက်တက်အသင်းရဲ့ ပြိုင်ပွဲစုံ ရှုံးပွဲမရှိ ပွဲအရေအတွက်ကို ကျော်ဖြတ်နိုင်ဖို့ နီးစပ်နေပါပြီ။
ယူနိုက်တက်အသင်းဟာ ၁၉၉၃-၉၄ ရာသီမှာ ၃၄ ပွဲဆက်၊ ၁၉၉၈-၉၉ ရာသီမှာ ၃၃ ပွဲဆက်တိုက် ရှုံးပွဲမရှိခဲ့ဘဲ မန်စီးတီးအသင်းက လက်ကျန် ၆ ပွဲကစားဖို့ ကျန်နေသေးလို့ ယူနိုက်တက်ကို ကျော်ဖြတ်နိုင်ဖို့ မျှော်လင့်ချက် ရှိနေပါတယ်။
ဒါပေမဲ့ အင်္ဂလန်အဆင့်မြင့်တန်းသမိုင်းတစ်လျှောက် ပြိုင်ပွဲစုံ ရှုံးပွဲမရှိ ပွဲဆက် အများဆုံးအဖြစ် ရပ်တည်နေတဲ့ နော်တင်ဟမ်ဖော်ရက်စ်ရဲ့စံချိန်(ပွဲ ၄၀၊ ၁၉၇၈)ကိုတော့ မန်စီးတီးတို့ ဒီရာသီမှာ ချိုးဖျက်နိုင်ဖို့ မရှိပါဘူး။