ထိပ်တန်းပြိုင်ဘက်နဲ့ ဇွန်လ ၁ ရက်နေ့ UFC ပွဲ ထိုးသတ်သွားမယ့် ချင်းဖိုက်တာ Joshua Van

UFC မှာ သုံးပွဲဆက်အနိုင်ရထားတဲ့ ချင်းတိုင်းရင်းသား ဖိုက်တာ Joshua Van ဟာ စတုတ္ထမြောက် ထိုးသတ်ပွဲအဖြစ် ဇွန်လ ၁ ရက် UFC 302 ပွဲမှာ ဂျပန်ဖိုက်တာ Tatsuro Taira နဲ့ ထိုးသတ်ဖို့ UFC ဘက်က စီစဥ်ပေးလိုက်ပါပြီ။

အသက် ၂၂ နှစ်နဲ့ ၆ လအရွယ် Joshua Van ဟာ ၂၀၂၃ ဇွန်လက UFC မှာ ပထမဦးဆုံး ယှဉ်ပြိုင်ထိုးသတ် အနိုင်ရပြီး သုံးပွဲဆက်တိုက် ပြိုင်ဘက်ကောင်းတွေကို အနိုင်ရထားတဲ့ မြန်မာနိုင်ငံဖွား ချင်းတိုင်းရင်းသားအဖြစ် မှတ်တမ်းဝင်ထားသူ ဖြစ်ပါတယ်။

ကနဦးမှာ တိဘက်လင်းယုန်လို့ နာမည်ရထားတဲ့ တရုတ်နိုင်ငံသား Sumudaerji နဲ့ ထိုးတတ်ဖို့ဖြစ်ပေမယ့် ပြိုင်ဘက်ဖြစ်သူ နုတ်ထွက်သွားလို့ ပြိုင်ဘက်မဲ့ဖြစ်နေခဲ့တာပါ။ အခုကတော့ တိဘက်လင်းယုန်ထက် Ranking သာပြီး ပိုခက်တဲ့ ဂျပန်ဖိုက်တာ Tatsuro Taira နဲ့ ဆုံဖို့ ဖြစ်လာတာပါ။

UFC ဖလိုင်းဝိတ်တန်းမှာ အဆင့် ၁၃ နေရာ ရပ်တည်နေတဲ့ တိုင်ရာဟာ တိဘက်လင်းယုန်ထက် နှစ်ဆင့်မြင့်သူဖြစ်ပြီး တိုင်ရာကို စီမံခန့်ခွဲပေးနေတဲ့ Iridium Sports Agency ကတော့ တိုင်ရာနဲ့ ဗန်တို့ပွဲက မျက်တောင်မခတ်ဘဲ ကြည့်နေရမဲ့ပွဲလို့လည်း ညွှန်းဆိုပါတယ်။

အကြောက်တရားကင်းမဲ့တဲ့ ချင်းဖိုက်တာ ဗန်လို့ Rank 15 အပြင်ဘက်က လူငယ်တစ်ယောက်အဖို့တော့ ကျော်ဖြတ်ရမဲ့ ဖိုက်တာအများကြီးထဲက ခက်ခဲတဲ့သူတစ်ယောက်ကို စောစောစီးစီးဆုံခွင့်ရတာကလည်း အသက်အငယ်ဆုံး UFC ချန်ပီယံဖြစ်လာဖို့ အကောင်းဆုံး လမ်းကြောင်းကို ရရှိလာခဲ့တာပဲ ဖြစ်ပါတယ်။