ပဲခူး ရွှေမော်ဓောဘုရားပွဲမှာ လူ ၃၀ နီးပါး ခွေးရူးကိုက်ခံရ

ပဲခူးတိုင်း၊ပဲခူးမြို့က ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီးရဲ့ ဘုရားပွဲဈေးမှာ ဧပြီလ ၂၇ ရက်နေ့ညက ဘုရားပွဲလာသူနဲ့ဈေးသည်အပါအဝင် ၂၉ ယောက် ခွေးရူးကိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ခွေးရူးကိုက်ခံရတဲ့အထဲမှာ အသက် ၁၂ နှစ်မှ ၇၀ ကျော်အရွယ်အထိပါဝင်ပြီး အမျိုးသားက ၁၆ ယောက်၊ အမျိုးသမီးက ၁၃ ယောက်ဖြစ်တယ်လို့ သိရပါတယ်။

” ဟုတ်ပါတယ်။ ဘုရားပွဲလာတဲ့သူတွေရော ပွဲဈေးက ဈေးသည်တွေရောအကိုက်ခံရတယ်၊ ကိုက်ခံရတဲ့အထဲ ဆိုးရွားတာတော့မရှိပါဘူး။ အကုန်လုံးချက်ခြင်းဆေးရုံပို့ပြီး ‌ဆေးထိုးပေးထားပါတယ်။

ခွေးရူးကိုက်ခံရတဲ့အထဲမှာ ဘုရားပွဲလာသူက၂၇ယောက် ဈေးသည်ကနှစ်ယောက်ပေါ့ ၊ ခွေးကထွက်ပြေးသွားတယ်၊ ခုထိတော့မမိသေးဘူး” လို့ ပဲခူးမြို့ခံ လူမှုကူညီရေးအဖွဲ့ဝင်တယောက်ပြောပါတယ်။

ခွေးရူးကိုက်ခံရသူတွေကိုတော့ ညကတည်းက ပဲခူးပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ကာ ခွေးရူးပြန်ကာကွယ်ဆေးနဲ့ အဆိပ်ကျဆေး ထိုးနှံပေးခဲ့ပြီး ခုလကုန် ဧပြီ ၃၀ ရက်နဲ့ မေလထဲမှာလည်း ၄ ရက်နေ့တကြိမ်၊ ၂၅ ရက်နေ့တကြိအ်ဆေးသုံးကြိမ်ထပ်ထိုးပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။