ဖောရက်စ်ကို အဝေးကွင်းမှာ အမှားယွင်းမရှိ အနိုင်ကန်ပြီး ချန်ပီယံ အလားအလာ ကောင်းနေဆဲ စီးတီး၊ ဟာလန်း သားအဖရဲ့ စံချိန်

မန်စီးတီး အသင်းဟာ မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် အဝေးကွင်းပွဲမှာ နော်တင်ဟမ်ဖော်ရက်စ်ကို ၂-၀ ဂိုးနဲ့အနိုင်ယူပြီး ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် အာဆင်နယ်ကို ၁ မှတ်အကွာကနေ ဖိအားပေးနေဆဲဖြစ်ပါတယ်။

တန်းမဆင်းရအောင် ရုန်းကန်နေရတဲ့ နော်တင်ဟမ်ဖော်ရက်စ်အသင်းဟာ အိမ်ကွင်းမှာ ခြေစွမ်းကောင်းပြသနိုင်ပေမဲ့ ကစားသမားတွေရဲ့ အဆင့်အတန်းချင်း ကွာခြားတာကြောင့် သရေတစ်မှတ်တောင် မယူနိုင်ဘဲ အရှုံးပေးခဲ့ရတာပါ။

ပထမအကျော့ အစ်တီဟတ်ပွဲတုန်းက နှစ်သင်းသင်း ဂိုးပေါက်ကန်ချက်မှာ မန်စီးတီး ၇ ကြိမ်၊ နော်တင်ဟမ်ဖော်ရက်စ် ၁၀ ကြိမ်နဲ့ အခုပွဲမှာ နော်တင်ဟမ်ဖော်ရက်စ် ၁၄ ကြိမ်၊ မန်စီးတီး ၁၁ ကြိမ်သာရှိခဲ့လို့ နော်တင်ဟမ်ဖော်ရက်စ်အသင်းဟာ နှစ်ကျော့စလုံး မန်စီးတီးအသင်းထက် ဂိုးပေါက်ကန်ချက် ပိုများခဲ့ပြီး ဒါက ဂွါဒီယိုလာရဲ့ နည်းပြဘဝတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် သူ့အသင်းက ပြိုင်ဘက်အသင်းထက် ဂိုးပေါက်ကန်ချက် ပိုနည်းခဲ့တာဖြစ်ပါတယ်။

ဒ့ါအပြင် XG (Expected Goal)မှာလည်း နော်တင်ဟမ်ဖော်ရက်စ်က ၁.၆၆ အထိရှိခဲ့ပြီး မန်စီးတီးကတော့ ဝ.၇၇ သာရှိခဲ့ပါတယ်။ ဒါပေမဲ့ မန်စီးတီးအသင်းဟာ လက်ရှိချန်ပီယံအသင်းပီပီ အခွင့်အရေးတွေကို အကောင်းဆုံးအသုံးချနိုင်ခဲ့ပြီး ၃၂ မိနစ်မှာ ဒီဘရိုင်းနားပေးတာကနေ ဂါဒီယောက ခေါင်းတိုက်သွင်းခဲ့သလို ဒုတိယဂိုးကလည်း ဒီဘရိုင်းနား ဖန်တီးမှုကနေ ဟာလန်းက သွင်းယူခဲ့တာဖြစ်ပါတယ်။

ဒီဘရိုင်းနားဟာ ပရီးမီးယားလိဂ်တစ်ပွဲတည်းမှာ ဂိုးဖန်တီးမှု ၂ ကြိမ်နဲ့အထက်ပြုလုပ်နိုင်ခဲ့တာက စုစုပေါင်း ၁၈ ကြိမ်အထိရှိလာပြီး ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် စံချိန်တင်ဖြစ်ခဲ့ပါတယ်။

ဟာလန်းတို့ သားအဖနှစ်ယောက်စလုံး နော်တင်ဟမ်ဖော်ရက်စ်နဲ့ဆုံရင် ဂိုးမြူးခဲ့ပြီး အဲ့လ် အင်ဟာလန်းက ပရီးမီးယားလိဂ်မှာ နော်တင်ဟမ်ဖော်ရက်စ်ကို ၇ ဂိုးအထိ သွင်းယူခဲ့သလို အခု သားဖြစ်သူ ဟာလန်းကလည်း ၅ ဂိုးသွင်းနိုင်ခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ပြိုင်ဘက်ကို အဖွင့်ဂိုးသွင်းနိုင်တဲ့ပွဲတိုင်း လုံးဝမရှုံးသေးဘဲ ၁၇ ပွဲနိုင်၊ ၄ ပွဲသရေကျခဲ့ပါတယ်။ ဒီရာသီ ပရီးမီးယားလိဂ်အဝေးကွင်းမှာ မန်စီးတီးတို့ ၁၂ ပွဲအထိ အနိုင်ရခဲ့ပြီး ဒါက မနှစ်က တစ်ရာသီလုံး အဝေးကွင်းနိုင်ပွဲအရေအတွက်ထက် ၁ ပွဲ ပိုများသွားပါပြီ။

အခုဆိုရင် မန်စီးတီးအသင်းဟာ ၃၄ ပွဲကစား၊ ၇၉ မှတ်နဲ့ အာဆင်နယ်အသင်းထက် ၁ ပွဲလျော့၊ ၁ မှတ်အကွာကို ပြန်လည်ရောက်ရှိလာပြီဖြစ်တာကြောင့် ပရီးမီးယားလိဂ်မှာ စံချိန်တင်အဖြစ် ၄ နှစ်ဆက်တိုက် ဗိုလ်စွဲဖို့ မျှော်လင့်ချက်က တဖြည်းဖြည်း ပိုနီးစပ်လာပြီဖြစ်ပါတယ်။