ပရီးမီးယားလိဂ် ဗိုလ်စွဲနိုင်ဖို့ နောက်ဆုံးအချိန်ထိ ကြိုးစားသွားမှာလို့ စီးတီးကို သတိပေးလိုက်တဲ့ အာတီတာ
အာဆင်နယ် နည်းပြအာတီတာက ပရီးမီးယားလိဂ်မှာ ဗိုလ်စွဲနိုင်ရေးအတွက် နောက်ဆုံးအချိန်အထိ တိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့ ပြိုင်ဘက် မန်စီးတီးအသင်းကို သတိပေးလိုက်ပါတယ်။
မနေ့က စပါးအသင်းနဲ့ မြောက်လန်ဒန်ဒါဘီပွဲမှာ အာဆင်နယ်အသင်းက ၃-၂ ဂိုးနဲ့အနိုင်ယူပြီး လက်ရှိချန်ပီယံ မန်စီးတီးထက် ၁ မှတ်အသာနဲ့ ဇယားထိပ်မှာ ရပ်တည်နေဆဲပါပဲ။
မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ၄ နှစ်ဆက်တိုက် ဗိုလ်စွဲဖို့ ရေပန်းစားနေပေမဲ့ အာဆင်နယ်အသင်းကလည်း နှစ်ပေါင်း ၂၀ ကြာဝေးကွာနေတဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆု ရယူနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။
စပါးအသင်းနဲ့ပွဲအပြီးမှာ မီဒီယာတွေက အာဆင်နယ်ကစားသမားတွေအနေနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် နောက်ဆုံး အချိန်အထိ တိုက်ပွဲဝင်သွားမှာလားဆိုပြီး မေးမြန်းခဲ့တော့ အာတီတာက “သေချာတာပေါ့ .. ၁၀၀ % ပါပဲ။ ကစားသမားတွေရဲ့ ကြိုးစားအားထုတ်မှုကို ဒီရာသီတစ်လျှောက်လုံး ကျွန်တော် မြင်တွေ့ခဲ့ပြီးဖြစ်ပါတယ် . . .”
“သူတို့ကြောင့်ပဲ အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်မှာ ဗိုလ်စွဲဖို့ မျှော်လင့်ချက်ရှိနေတယ်ဆိုတာ ကျွန်တော် အခိုင်အမာ ယုံကြည်ထားတာဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ချန်ပီယံပြေးလမ်းကြောင်းပေါ်မှာ ရှိနေဆဲဖြစ်ပြီး ကစားသမားတွေကလည်း စိတ်အားတက်ကြွနေကြသလို ကျွန်တော့်ကစားသမားတွေအပေါ် အများကြီး ယုံကြည်မှုရှိပါတယ်”လို့ ဖြေကြားခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်လက်ကျန် ၃ ပွဲမှာ ဘုန်းမောက်(အိမ်)၊ မန်ချက်စတာယူနိုက်တက်(အဝေး)၊ အဲဗာတန်(အိမ်)တို့နဲ့ကစားရမှာဖြစ်ပါတယ်။
မန်စီးတီးကတော့ ဝုလ်ဗ်(အိမ်)၊ ဖူလ်ဟမ်(အဝေး)၊ စပါး(အဝေး)၊ ဝက်စ်ဟမ်း(အိမ်)တို့နဲ့ကစားရမှာ ဖြစ်ပါတယ်။