ပရီးမီးယားလိဂ်မှာ နောက်လူတွေ လိုက်မှီဖို့ ခက်မယ့် စံချိန်သစ် တစ်ခု တင်လိုက်တဲ့ ပက် ဂွါဒီယိုလာ

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က နော်တင်ဟမ်ဖော်ရက်စ်ကို ၂-၀ ဂိုးနဲ့အနိုင်ရတဲ့ပွဲအပြီးမှာ မန်စီးတီးနည်းပြ ဂွါဒီယိုလာဟာ ပရီးမီးယားလိဂ် တကယ့် စံချိန်ကောင်းတစ်ခု ပိုင်ဆိုင်ခဲ့ပါတယ်။

နော်တင်ဟမ်ဖော်ရက်စ်နဲ့ပွဲမှာ မန်စီးတီးအတွက် ဂါဒီယော၊ ဟာလန်းတို့က ဂိုးတွေသွင်းယူခဲ့ကြပြီး မန်စီးတီးအသင်းဟာ ထိပ်ဆုံးက အာဆင်နယ်ကို ၁ ပွဲလျော့၊ ၁ မှတ်အကွာကနေ ဖိအားပေးနေဆဲဖြစ်ပါတယ်။

မန်စီးတီးအသင်းမှာ ဖိုဒန်၊ ရူဘင်ဒီယက်စ်တို့ အဖျားဝေဒနာကြောင့် မပါဝင်နိုင်ခဲ့လို့ ရုန်းကန်ခဲ့ရပြီး နော်တင်ဟမ်ဖော်ရက်စ်တိုက်စစ်မှူး ခရစ္စဝုဒ်ဟာ အပိုင်ဂိုးသွင်းခွင့် ၂ ကြိမ်ကို လွဲချော်ခဲ့လို့ မန်စီးတီး သက်သာခဲ့တာပါ။

ဒါပေမဲ့လည်း လက်ရှိချန်ပီယံအသင်းပီပီ လိုအပ်တဲ့နိုင်ပွဲရယူခဲ့ပြီး အခုဆိုရင် ပရီးမီးယားလိဂ်မှာ မန်စီးတီးတို့ ၁၉ ပွဲဆက်တိုက် ရှုံးပွဲမရှိခဲ့ပါဘူး။ နော်တင်ဟမ်ဖော်ရက်စ်နဲ့ပွဲမှာ ဂွါဒီယိုလာဟာ မန်စီးတီးနည်းပြဘ၀ ပရီးမီးယားလိဂ်ပွဲ ၃၀၀ ပြည့်ခဲ့ပြီး နောက်လူတွေ လိုက်မမှီနိုင်တဲ့ စံချိန်ကောင်းပိုင်ဆိုင်ခဲ့ပါတယ်။

ပရီးမီးယားလိဂ်ပွဲ ၃၀၀ မှာ ဂွါဒီယိုလာက နိုင်ပွဲ ၂၂၁ ပွဲအထိရရှိခဲ့တာကြောင့် ပွဲ ၃၀၀ ကိုင်တွယ်အပြီး နိုင်ပွဲအများဆုံးရယူနိုင်တဲ့ ပထမဆုံးနည်းပြအဖြစ် ရပ်တည်နိုင်ပြီဖြစ်ပါတယ်။

မော်ရင်ဟို(၁၈၉ပွဲ)၊ ယာဂန်ကလော့ပ်(၁၈၈ပွဲ)နဲ့ ဂန္ထဝင်နည်းပြကြီးတွေဖြစ်တဲ့ ဆာအဲလက်စ် ဖာဂူဆန်(၁၈၃ပွဲ)၊ အာစင်ဝင်းဂါး(၁၈၀ပွဲ)တို့တောင် ပွဲ ၃၀၀ အပြီးမှာ ဂွါဒီယိုလာလို နိုင်ပွဲအရေအတွက် မရခဲ့ဘဲ ဂွါဒီယိုလာဟာ နိုင်ပွဲရာခိုင်နှုန်း ၇၃.၆ % နဲ့ အပြတ်အသတ် အသာရခဲ့ပြီ ဖြစ်ပါတယ်။