မန်စီးတီးက ဘယ်နှမှတ်ရပြီး ပရီးမီးယားလိဂ် ချန်ပီယံ ထပ်ဖြစ်မလဲ အပိုင် မှန်းချက်ထုတ်လိုက်တဲ့ စူပါကွန်ပြူတာ

ပရီးမီးယားလိဂ် ပွဲစဉ် ၃၅ ပွဲတွေ အပြီးမှာတော့ ရာသီကုန်ကျရင် ပရီးမီးယားလိဂ်မှာ ဘယ်အသင်း ဗိုလ်စွဲမလဲဆိုတာကို စူပါကွန်ပြူတာက ထပ်မံ ခန့်မှန်းလိုက်ပါတယ်။

စပါးအသင်းနဲ့ပွဲမှာ အာဆင်နယ်တို့ ၃-၂ ဂိုးနဲ့အနိုင်ရခဲ့ပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက် စပါးအသင်းကို ပထမဆုံးအကြိမ် အဝေးကွင်း ၂ ပွဲဆက်နိုင်ပွဲရယူခဲ့ပါတယ်။

အခုလောလောဆယ် အာဆင်နယ်အသင်းဟာ ၃၅ ပွဲကစားအပြီးမှာ လက်ရှိချန်ပီယံ မန်စီးတီးထက် တစ်ပွဲပို ကစားကာ ၁ မှတ်အသာနဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေ ပါတယ်။

ဒါပေမဲ့လည်း မန်စီးတီးအသင်းဟာ အာဆင်နယ်ထက် ၁ ပွဲလျော့ပြီး လက်ကျန် ၄ ပွဲမှာလည်း စပါးနဲ့အဝေးကွင်းတစ်ပွဲသာ ပွဲကြပ် ကစားရမှာဖြစ်လို့ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် စံချိန်တင်အဖြစ် ၄ နှစ်ဆက် ချန်ပီယံဖြစ်ဖို့ မျှော်လင့်ချက်ရှိနေပါတယ်။

အခု Bettingexpert ဝက်ဘ်ဆိုက်ရဲ့ စူပါကွန်ပြူတာက အသင်းတိုင်းရဲ့ ဖြစ်နိုင်ခြေရှိတဲ့ နိုင်ပွဲ၊ ရမှတ်တွေကို တွက်ချက်ပြီးတော့ ရာသီကုန် အမှတ်ပေးဇယားကို ခန့်မှန်းဖော်ပြခဲ့ပြီး စူပါကွန်ပြူတာရဲ့ ခန့်မှန်းချက်က အာဆင်နယ်ပရိသတ်တွေ အတွက် သတင်းဆိုးတစ်ခုပါပဲ။

စူပါကွန်ပြူတာက ရာသီကုန်မှာ မန်စီးတီးအသင်း ၈၇ မှတ်နဲ့ ချန်ပီယံဖြစ်ပြီး အာဆင်နယ်က ၈၆ မှတ်နဲ့ အဆင့် ၂ နေရာမှာသာ ရပ်တည်နိုင်မယ်လို့ ခန့်မှန်းဖော်ပြခဲ့တာဖြစ်ပါတယ်။

လာမဲ့ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ကို မန်စီးတီး၊ အာဆင်နယ်၊ လီဗာပူးလ်၊ အက်စတွန်ဗီလာတို့ ပိုင်ဆိုင်မှာဖြစ်ပြီး စပါးအသင်းက အဆင့် ၅၊ နယူးကာဆယ်က အဆင့် ၆ နဲ့ မန်ချက်စတာယူနိုက်က အဆင့် ၇ နေရာတွေမှာ ရပ်တည်နိုင်မယ်လို့ စူပါကွန်ပြူတာက တွက်ချက်ဖော်ပြခဲ့ပါတယ်။