၅ ရက်အတွင်း အချိန်အခါမဟုတ် မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးလေဝသ သတိပေးချက်

မေလ ၃ရက်ကနေ ၅ ရက်အထိ အနောက်ဘက်ရွေ့လျားလာတဲ့ လေပွေလှိုင်းအရှိန်ကြောင့် အချိန်အခါမဟုတ် မိုးရွာနိုင်တယ်လို့ မိုးဇလကနေ ထုတ်ပြန်ထားပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနဲ့ ကချင်ပြည်နယ်မှာ နေရာစိပ်စိပ်၊ နေပြည်တော်နဲ့ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီတိုင်းဒေသကြီးတွေနဲ့ ရှမ်း၊ ချင်း၊ ရခိုင်၊ ကယား၊ ကရင်နဲ့မွန်ပြည်နယ်တွေမှာ နေရာကွက်ကျားကနေ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်တယ်လို့ ဆိုပါတယ်။
အချိန်အခါမဟုတ် မိုးရွာတာအပြင် မိုးကြိုးပစ်တာ လျှပ်စီးလက်တာနဲ့ မိုးသီးကြွေနိုင်တာအပြင် မိုးတိမ်တောင် အားကောင်းတဲ့ဒေသတွေမှာ လေပြင်းတိုက်ခတ်နိုင်တယ်လို့ သတိပေးထားပါတယ်။
တစ်ဖက်မှာလည်း မြန်မာနိုင်ငံအတွင်းက မြို့ကြီးတွေမှာ အပူချိန် မြင့်တက်မှုတွေ ဖြစ်နေပြီး ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းမှာ မကွေးတိုင်း၊ ချောက်မြို့ဟာ ကမ္ဘာ့အပူချိန် အမြင့်ဆုံးမြို့ ဖြစ်ခဲ့ပါတယ်။