အမေရိကန်ဒေါ်လာ ၁.၃ ဘီလျံ ထီပေါက်သွားတဲ့ အရှေ့တောင်အာရှသား ကင်ဆာရောဂါသည်

၈ နှစ်ကြာ ကင်ဆာရောဂါ ခံစားနေရတဲ့ အမေရိကန်ရောက် လာအိုရွှေ့ပြောင်းအမျိုးသားတစ်ဦးဟာ ဒေါ်လာသန်း တစ်ထောင့်သုံးရာ ထီဆုကြီးကို ဆွတ်ခူးသွားပါတယ်။

အသက် ၄၆ နှစ်အရွယ် ချန်ဆယ်ပန်ဆိုတဲ့အမျိုးသားဟာ လာအိုနိုင်ငံမှာ မွေးဖွားကာ ထိုင်းနိုင်ငံကို ရွှေ့ပြောင်းရောက်ရှိခဲ့ပြီး အဲ့ကတစ်ဆင့် အမေရိကန်ကို ရောက်ရှိခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုအနောက်မြောက်ပိုင်း၊ အော်ရီဂွန်ပြည်နယ်က ပေါ့လန့်မြို့မှာ ဧပြီလ ၇ ရက်တုန်းက ဖွင့်တဲ့ထီလက်မှတ်ကို ဝယ်ယူကံစမ်းခဲ့အပြီး မှာ အခုလို သန်းထောင့်သုံးရာထီဆုကြီး ပေါက်ခဲ့တာဖြစ်ပါတယ်။

‘‘အခုတော့ မိသားစုကိုလည်း သေသေချာချာလေးပြန်ကြည့်ရှုစောင့်ရှောက် နိုင်ပြီဖြစ်သလို ကျွန်တော့်အတွက်လည်း ဆရာဝန်ကောင်းကောင်း ပြသလို့ရပါပြီ’’ လို့ သူကပြောပါတယ်။

အခွန်ဆောင်ပြီးတဲ့နောက် ကျန်တဲ့ဆုကြေးငွေ ဒေါ်လာသန်းရာချီကို ဇနီးသည်အပြင် မိတ်ဆွေတစ်ဦးတို့နဲ့ အညီအမျှ ခွဲဝေသွားမယ်လို့လည်း သူကပြောပါတယ်။