မီးဆက်ပြတ်နေဦးမယ်လို့ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန အသိပေးချက် ထုတ်ပြန်

လက်ရှိမှာ ဓါတ်အားဖြန့်ဖြူးပေးနိုင်စွမ်း လျော့နည်းနေသလို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ရှေ့ဆက်ပြီးလည်း မီးပြတ်ချိန် ပိုများနေအုံးမယ်လို့ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

ရေအားလျှပ်စစ်စက်ရုံ ၅ ရုံမှ ထွက်ရှိသည့် ဓာတ်အားများ ပို့လွှတ်ဖို့ရာ ဓာတ်အားလိုင်းများ ဖျက်ဆီးခံထားရခြင်းနှင့် သဘာဝဓာတ်ငွေ့ရရှိမှုလျော့နည်းနေခြင်းတို့ကြောင့် ထုတ်လုပ်နိုင်သမျှ လျှပ်စစ်တွေကို ဖြန့်ဖြူးနိုင်ခြင်း မရှိဖြစ်နေကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

လောပိတ ရေအားလျှပ်စစ် စက်ရုံတွေရှိရာ ဘီလူးချောင်း (၁)၊ (၂)၊ (၃) ရေအားလျှပ်စစ် စီမံကိန်းတွေအပြင် သဘာဝဓါတ်ငွေ့နဲ့ လျှပ်စစ်ထုတ်လုပ်နိုင်စွမ်း ကျဆင်းနေတာကြောင့် ထုတ်လုပ်နိုင်သလျှောက် လျှပ်စစ်တွေကို ထုတ်ယူကာ ဖြန့်ဖြူးနိုင်ခြင်း မရှိဘူးလို့ ဆိုပါတယ်။

လက်ရှိ လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးလျှက်ရှိသည့် ဓာတ်အားပေးစက်ရုံတွေဟာ တကယ်တမ်း ထုတ်လုပ်နိုင်တာရဲ့ ထက်ဝက်အဖြစ် တစ်ရက်ပျမ်းမျှ (၂၈၀၀) မဂ္ဂါဝပ်ခန့်သာ ထုတ်လုပ်နိုင်ပြီး ရန်ကုန်တိုင်းဒေသကြီးသို့ (၄၆ %)၊ မန္တလေးတိုင်း ဒေသကြီးသို့ (၁၆ %)နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ (၃၈ %) အချိုးကျ ခွဲဝေဖြန့်ဖြူးပေးလျက်ရှိတယ်လို့ ဆိုပါတယ်။

ဓာတ်အားထုတ်လုပ်နိုင်မှုအပေါ် အချိုးကျအရ အချိန်အပိုင်းအခြား အလိုက်ခွဲဝေဖြန့်ဖြူးထားရတာကြောင့် ဝန်အားထိန်းညှိမှုအရ ဝန်အားလျှော့ချရခြင်းများအား ဆက်လက်ဆောင်ရွက် သွားရမည်ဖြစ်သောကြောင့် ပြည်သူလူထုအနေဖြင့် အဆင်မပြေမှုများရှိပါက နားလည်ပေးပါဆိုပြီးတော့ ထုတ်ပြန်ထားပါတယ်။