သမ္မတလုပ်ချင်လို့ ကိုယ့်ဘာသာ မြေကွက်ဝယ်ပြီး ကိုယ်ပိုင်နိုင်ငံ ထူထောင်ခဲ့သူ

ကမ္ဘာပေါ်မှာ ဘယ်သူကမှ အသိအမှတ်မပြုပဲ ကိုယ်တိုင် နိုင်ငံတည်ထောင်ထားတာတွေရှိပါတယ်။ သမ္မတရူးရူးနေတာကို Self-declared Micronation လို့ခေါ်ပါတယ်။

ဒီလို Micronation တွေထဲကမှ နိုင်ငံသေးငယ်သလောက် နိုင်ငံတစ်နိုင်ငံရဲ့အင်္ဂါရပ်တွေအားလုံးရှိတဲ့ Molossia ဆိုတဲ့ နိုင်ငံအကြောင်းဖော်ပြပေးချင်ပါတယ်။

Kevin Baugh အမည်ရတဲ့သူက The Mouse That Roared ရုပ်ရှင်ဇာတ်ကားကိုကြည့်ပြီး သူ့ရဲ့စိတ်ကူးအိပ်မက်ကို အကောင်အထည်ဖော်ဖို့ အမေရိကန်ပြည်ထောင်စု၊ နာဗားဒါးပြည်နယ်က မြေကိုဝယ်ယူပြီး ကိုယ်ပိုင်မြေထဲမှာ နိုင်ငံတည်ထောင်ပြီး ကိုယ်တိုင်သမ္မတလုပ်ခဲ့သူပါ။

အဆိုပါနိုင်ငံမှာလူဦးရေက ၃၈ ဦးရှိပါတယ်။ လူ ၃၅ ယောက်နဲ့ ခွေး ၃ ကောင်ပါ။ အားလုံးကသူ့အမျိုးတွေနဲ့ သူ့ခွေးတွေချည်းပါ ကြောင်တစ်ကောင်လည်းရှိပါတယ် ဒါပေမယ့်ကြောင်တွေက သစ္စာရှိဖို့မယုံကြည်လို့ နိုင်ငံသားဖြစ်ခွင့် မပေးထားပါဘူး။

အပြင်လူတွေလည်ပတ်လို့ရပါတယ်။ ဒါပေမယ့် E Mail နဲ့ကြိုတင်စာရင်းပေးရပါတယ်။ နိုင်ငံထဲမှာ ၃ နာရီထက်နေခွင့်မရှိပါဘူး။ အလုပ်လုပ်ခွင့်နဲ့နိုင်ငံသားဖြစ်ခွင့်လည်းမရှိပါဘူး။ နိုင်ငံရဲ့နယ်နိမိတ်ထဲဝင်လာတာနဲ့ သမ္မတကိုယ်တိုင် passport မှာတံဆိပ်တုံးထုပေးပါတယ်။

နိုင်ငံတစ်နိုင်ငံရဲ့ အင်္ဂါရပ်တွေအားလုံးနဲ့ ပြည့်စုံတဲ့နိုင်ငံဖြစ်တာကြောင့် စစ်တပ်လည်းမပါမဖြစ်ပါ၊ ငါးသေတ္တာဘူးတွေကို အမြှောက်ဆန်လုပ်ပြီးပစ်ရတဲ့ အံ့မခန်း စစ်လက်နက်တွေရှိပါတယ်။ ရေတပ်ရဲ့စစ်အင်အားကတော့ လေထိုးလှေ ၅ စီးပါ။

နောက်ပြီး Valora ဆိုတဲ့ကိုယ်ပိုင်ငွေကြေးစနစ်လည်းရှိပါတယ်။ သူ့ ငွေတစ်ကျပ်က ချော့ကလက်ကွတ်ကီးတစ်ချပ်နဲ့ တန်ဖိုးတူပါတယ်။ မြင်းရိုင်းကို National animal အဖြစ်သတ်မှတ်ထားပြီး အကြွေစေ့တွေမှာလည်းရိုက်နှိပ်ထားပါတယ်။

နိုင်ငံရဲ့ founding father လည်းဖြစ် လက်ရှိသမ္မတလည်းဖြစ်တဲ့ Kevin Baugh ရဲ့နာမည်အစွဲပြုပြီး နာဗားဒါးကနယ်မြေကို Baughston လို့ခေါ်ပြီး နိုင်ငံရဲ့မြို့တော်အဖြစ်သတ်မှတ်ထားပါတယ်။ Solar power နဲ့တစ်နိုင်ငံလုံးကိုလျှပ်စစ်ဓာတ်အားပေးထားပါတယ်။

ဒီအကြောင်းအရာတွေက နည်းနည်း ကြောင်တောင်တောင်နိုင်ပေမယ့် အားလုံးအမှန်တွေချည်းပါ။ အမေရိကန်အစိုးရကတော့ တရားဝင် အသိအမှတ်မပြုထားသော်လည်း တရားမဝင် အဖွဲ့အစည်းလည်းမဟုတ်ပါဘူး။ ကိုယ်ပိုင်မြေပေါ်မှာ စိတ်ကြိုက်လုပ်တာဖြစ်ပြီး အခွန်လည်း ပုံမှန်ဆောင်သလို ဘာရာဇဝတ်မှုမှကျူးလွန်ထားတာမရှိလို့ပါ။

ဒီလူက တော်တော်လေး ရူးနမ်းတယ်လို့ဆိုနိုင်ပေမယ့် ဘယ်သူ့ကိုမှမထိခိုက်သလို နိုင်ငံငယ်လေးမှာ နေရတာ ပိုပျော်စရာကောင်းတယ်လို့လည်း ဆိုခဲ့ပါတယ်။