မန်ယူ၊ ချယ်ဆီးပရိသတ်တွေ ရင်နာအောင် ပါးပါးလေး ပုပ်သွားတဲ့ စီးတီး နည်းပြ ဂွာဒီယိုလာ

မန်ချက်စတာ စီးတီး အသင်းဟာ လာမယ့် ၂၀၂၄-၂၅ ဘောလုံးရာသီ အတွက် ချန်ပီယံလိဂ် ဝင်ခွင့် သေချာခဲ့ပြီ ဖြစ်ပါတယ်။

အခြား ပြိုင်ဘက်အသင်းကြီးတွေ ဖြစ်တဲ့ စပါး၊ ယူနိုက်တက်၊ ချယ်ဆီး အသင်းတို့တွေဟာ နောက်ရာသီ ဥရောပ အမြင့်ဆုံးအဆင့် ဖြစ်တဲ့ ချန်ပီယံလိဂ် ဝင်ခွင့် ရဖို့ ကြိုးစားဆဲ၊ ကြိုးစား မရနိုင် အနေအထားတွေမှာသာ ရှိနေပါတယ်။

လီဗာပူးအသင်းဟာလည်း ၁ နှစ်ကြာ မပါဝင်နိုင်ရတဲ့ ချန်ပီယံလိဂ်မှာ ပြန်လည် ပါဝင်ခွင့်ရလာပါပြီ။ ချန်ပီယံလိဂ် ပြိုင်ပွဲဝင်ခွင့် အပေါ် ဘယ်လို ပျော်ရွှင်ရသလဲလို့ သတင်းထောက် တစ်ဦးက မေးခွန်းထုတ်ခဲ့ရာ ပက် ဂွာဒီယိုလာ က ဟာသလုပ်ကာ လှောင်ရယ်ရင်း ဖြေကြားခဲ့ပါတယ်။

” ဝိုး.. ဟုတ်လား (စီးတီး ချန်ပီယံလိဂ် ဝင်ခွင့်ရတာ)။ မနက်ဖြန်ကျရင်တော့ ကျွန်တော် အောင်ပွဲခံဦးမှပဲ။ ကျွန်တော်တို့ စီအီးအိုနဲ့ အသင်း ပိုင်ရှင်တွေကလည်း နောက်ရာသီ အသင်းက ချန်ပီယံလိဂ်မှာ ကစားခွင့်ရမှာ ဆိုတော့ သိပ် သိပ်ကို ပျော်နေကြတော့မှာပဲ။

အသင်း တော်တော်များများက ဒီလို အနေအထား သိပ်လိုချင်ကြမှာ သေချာပါတယ်။ တကယ်တော့ ဒါက သတင်းကောင်း တစ်ခုပါပဲ။ ” လို့ ပက် ဂွာဒီယိုလာ က ပြောဆိုခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ ၂၀၁၀-၁၁ ဘောလုံးရာသီတည်းက စလို့ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ နှစ်တိုင်း ပါဝင်နေခွင့် ရရှိနေတာ ဖြစ်သလို ဖိုင်နယ် ၂ ကြိမ်တက်ကာ ၁ ကြိမ် ဗိုလ်စွဲထားတာ ဖြစ်ပါတယ်။