ရန်ကုန်ကလွဲလို့ ကျန်ဒေသတွေမှာ လုံးဝ နီးပါး ရပ်နားထားရပြီ ဖြစ်တဲ့ ဆောက်လုပ်ရေးလုပ်ငန်းများ

ဒီနှစ်ထဲမှာ ရန်ကုန်လို မြို့ကြီးတွေမှာ ဆောက်လုပ်ရေးလုပ်ငန်းတွေ ပြန်လည်ပတ်နေပေမယ့် တချို့ ဒေသတွေမှာတော့ လုပ်ငန်းတွေ လုံးဝနီးပါး ရပ်နားထားရကြောင်း ဆောက်လုပ်ရေး လုပ်ငန်းရှင် အသိုင်းအဝိုင်းကနေ ပြောကြားလာပါတယ်။
မြန်မာ နိုင်ငံ ဒေသတွင်း အခြေအနေတွေကြောင့် လုပ်ငန်းခွင်အချို့ ယာယီရပ်နားထားရတာကြောင့် ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းတွေလည်း အရောင်းအဝယ်မရှိ ဖြစ်နေပါတယ်။
အစိုးရက တင်ဒါခေါ်ယူပြီး ဆောင်ရွက်ခွင့်ရတဲ့ လုပ်ငန်းတွေကလည်း မြို့ကြီးတွေမှာသာ ရရှိကြပြီး နယ်ဒေသအချို့ မပါဝင်တာကြောင့် လုပ်ငန်းတွေ ရပ်နားဖို့ တွန်းအားဖြစ်စေတယ်လို့ ဆိုပါတယ်။
တဖက်မှာလည်း ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းဈေးတွေ အတက်/အကျ မတည်ငြိမ်လို့ လုပ်ငန်းလက်ခံပြီးမှ ကုန်ကျစရိတ် ထပ်မံမြင့်တက်လာရင် အရှုံးပေါ်နိုင်တာကြောင့် လက်ခံဆောင်ရွက်ဖို့ သုံးသပ်မှုတွေ ရှိလာပါတယ်။
ဆောက်လုပ်ရေးလုပ်ငန်းတွေအနေနဲ့ လုပ်သားရှားပါးမှုနဲ့ပါ ရင်ဆိုင်တွေ့ကြုံနေရပြီး မဖြစ်မနေ လုပ်ကိုင်ဖို့ လိုအပ်တဲ့ လုပ်ငန်းအချို့ပဲ အရဲစွန့်ကာ အပြီးသတ်နေကြတယ်လို့ လုပ်ငန်းရှင်အချို့က ဖြေကြားပါတယ်။
လက်ရှိအနေအထားအရ လုပ်ငန်းအချို့ပဲ လည်ပတ်လုပ်ကိုင်နေတာဖြစ်လို့ လုပ်ငန်းသုံးပစ္စည်းဈေးတွေက အတက်ဈေးမှာ တည်ငြိမ်နေတယ်လို့ ဈေးကွက်အတွင်းကနေ သိရပါတယ်။
ပြီးခဲ့တဲ့လမှာ ဈေးကွက်အတွင်း ဘိလပ်မြေ ပြတ်လပ်ပြီး ဈေးခုန်တက်သွားလို့ ၃၅ ရာခိုင်နှုန်းအထိ ဈေးပိုပေးခဲ့ပြီး သံချောင်းဈေးတွေလည်း ၃ လအတွင်းမှာ တစ်တန်ကို ကျပ် ၂ သိန်းခွဲကနေ ကျပ် ၅ သိန်းအထိ တက်ခဲ့ပါတယ်။
ဒေသထွက် ဆောက်လုပ်ရေးပစ္စည်းတွေဖြစ်တဲ့ အုတ်၊ သဲ၊ ကျောက် ဈေးနှုန်းတွေကလည်း သယ်ယူပို့ဆောင်စရိတ်နဲ့ ထုတ်လုပ်မှု ကုန်ကျစရိတ်မြင့်မားလာခြင်းတွေကြောင့် အတက်ဈေးမှာ ရပ်တည်နေတယ်လို့ သိရပါတယ်။
ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းဈေးကွက်ထဲမှာ ဘိလပ်မြေက ဈေးတက်တဲ့ ရာခိုင်နှုန်းအများဆုံးဖြစ်ခဲ့ပြီး ကျန် ပစ္စည်းဈေးတွေက အမြင့်ဆုံး ၅ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းအထိ ဈေးတက်ထားပါတယ်။
ငွေကြေးနဲ့ အခြားဈေးကွက်တွေ အပြောင်းအလဲ မြန်ဆန်နေတဲ့ ကာလဖြစ်လို့ လုပ်ငန်းသုံးပစ္စည်းဈေးနှုန်း မတည်ငြိမ်တာကြောင့် သတိထားလုပ်ကိုင်နေရကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေက ပြောကြားထားပါတယ်။
BETV Business