ဝုလ်ဗ် ကို တစ်ယောက်တည်း ၄ဂိုးသွင်းတဲ့ ဟာလန်း၊ ၄နှစ်ဆက် ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ဖို့ နီးစပ်လာတဲ့ မန်ချက်စတာ စီးတီး

စနေနေ့ညက ပရီးမီးယားလိဂ် ပွဲတွေမှာ အာဆင်နယ်က ဘုန်းမောက်ကို ၃-၀ ဂိုးနဲ့ အစောပိုင်း ပွဲ အနိုင်ယူပြလိုက်ချိန်မှာ မန်စီးတီးအသင်းကလည်း အားကျမခံပဲ အိမ်ကွင်းမှာ ဝုလ်ဗ်ကို ၅-၁ ဂိုးရလဒ်နဲ့ ပြတ်ပြတ်သားသား အနိုင်ကစားခဲ့ပါတယ်။
ပထမအကျော့ အိမ်ကွင်းပွဲမှာ မန်စီးတီးကို မထင်မှတ်ဘဲ ၂-၁ ဂိုးနဲ့အနိုင်ရခဲ့တဲ့ ဝုလ်ဗ်အသင်းဟာ အခု အစ်တီဟတ်မှာ အရှက်တကွဲ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။
ပထမပိုင်းမှာ ဝုလ်ဗ်အသင်းဟာ မန်စီးတီးဘက်ကို ဂိုးပေါက်ကန်ချက်မရှိ၊ ဂိုးပေါက်တည့်မှုမရှိ၊ ပြိုင်ဘက်ပယ်နယ်တီဧရိယာအတွင်း ဘောလုံးထိချက် ၂ ကြိမ်သာပြုလုပ်နိုင်တဲ့အထိ အခြေအနေဆိုးရွားခဲ့ပြီး မန်စီးတီးအသင်းကတော့ ပထမပိုင်းမှာပဲ ဂိုးပေါက်ကန်ချက် ၇ ကြိမ်၊ ဂိုးပေါက်တည့်မှု ၅ ကြိမ်နဲ့ ဟာလန်းရဲ့ ဟက်ထရစ်ကြောင့် ၃ ဂိုးပြတ် ဦးဆောင်နိုင်ခဲ့ပါတယ်။
ဟာလန်းက ပထမပိုင်း ၁၂ မိနစ်၊ ၄၅ မိနစ်တွေမှာ ပယ်နယ်တီကနေ ၂ ဂိုးသွင်းခဲ့သလို ၃၅ မိနစ်မှာ ရိုဒရီ ပေးတာကနေ ခေါင်းတိုက်သွင်းယူခဲ့ပါတယ်။ ဒုတိယပိုင်း ၅၄ မိနစ်မှာ ဟာလန်းကပဲ စတုတ္ထဂိုး သွင်းယူခဲ့ပြီး ၈၅ မိနစ်မှာတော့ အယ်လ်ဗာရက်ဇ်က ပဉ္စမမြောက်ဂိုး သွင်းယူခဲ့တာဖြစ်ပါတယ်။
ဟာလန်းဟာ အီတီဟတ်မှာ ဝုလ်ဗ်နဲ့တွေ့ရင် ဂိုးသွင်းလေ့ကျင့်လေ့ရှိပြီး မနှစ်ကလည်း ဟက်ထရစ်သွင်းခဲ့ပါတယ်။
အခုဆိုရင် ဟာလန်းဟာ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် မန်စီးတီးအတွက် ဟက်ထရစ် သွင်းယူနိုင်တဲ့ ၄၁ ဦးမြောက် ကစားသမားဖြစ်လာပြီး မန်စီးတီးထက် အရေအတွက် ပိုများတာဆိုလို့ လီဗာပူးလ် (၄၂ ဦး)သာ ရှိပါတော့တယ်။
ဝုလ်ဗ်အသင်းအတွက် အရှက်ပြေဂိုးကို တိုက်စစ်ကစားသမား ဟွမ်ဟီချန်က ၅၃ မိနစ်မှာ သွင်းယူခဲ့ပါတယ်။ မန်စီးတီးကို ဂွါဒီယိုလာ စတင်ကိုင်တွယ်ခဲ့တဲ့ ၂၀၁၆ ခုနှစ်ကနေ အခုအချိန်အထိ ပရီးမီးယားလိဂ်မှာ ၄ ဂိုးနဲ့အထက် နိုင်ပွဲရခဲ့တာက ပွဲ ၅၀ ပြည့်မြောက်သွားပြီး ဒါက တခြားပြိုင်ဘက်အသင်းတွေ ဘယ်လိုမှ မစွမ်းဆောင်နိုင်တဲ့မှတ်တမ်းပါပဲ။
အခုပွဲ အနိုင်ရခဲ့တဲ့ မန်စီးတီးအသင်းဟာ အာဆင်နယ်နဲ့ ၁ မှတ်အကွာကို ပြန်ရောက်လာပြီး လက်ကျန် ၃ ပွဲကစားဖို့ရှိတာကြောင့် ပရီးမီးယားလိဂ်မှာ စံချိန်တင် ၄ နှစ်ဆက် ချန်ပီယံဖြစ်ဖို့ တဖြည်းဖြည်းနီးစပ်လာပြီ ဖြစ်ပါတယ်။