ရွိုင်ကိန်း ဘာပြောပြော စာရင်းထဲ မရှိကြောင်း တည့် အသိပေးလိုက်တဲ့ စီးတီး တိုက်စစ်မှုး ဟာလန်း

မနေ့ညတုန်းက မန်စီးတီးက ဝုဗ်ကို ၅-၁ ဂိုးဖြင့် အနိုင်ရတဲ့ပွဲတွင် တစ်ဦးတည်း ၄ ဂိုးသွင်းယူနိုင်ပြီးနောက် အာလင်းဟာလန်း ကတော့ သရဲနီဟောင်းကြီး ရွိုင်ကိန်းရဲ့ ဝေဖန်မှုအပေါ် ဂရုမစိုက်ကြောင်း ပြောကြားလာပါတယ်။

ယူနိုက်တက် ဂန္ထဝင် ရွိုင်ကိန်း ဟာ အီတီဟတ်ကွင်းတွင် မန်စီးတီးနှင့် အာဆင်နယ်တို့ ဂိုးမရှိသရေကျပြီးနောက် အာလင်းဟာလန်းအား ဒုတိယတန်းလိဂ် ကစားသမားအဆင့်သာ ရှိကြောင်း ဝေဖန်သွားခဲ့ပါတယ်။

မန်စီးတီးဟာ အာဆင်နယ်နှင့် ဂိုးမရှိသရေကျပြီးနောက် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလနောက်ပိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် အီတီဟတ်ကွင်းမှာ ဂိုးမသွင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

မတ်လ ၃၁ ရက်နေ့တုန်းကပွဲမှာ စိတ်ပျက်စရာ ကြုံခဲ့ရပေမဲ့လည်း ဂွါဒီယိုလာရဲ့ မန်စီးတီးဟာ နောက်ဆုံး ၆ ပွဲဆက် အနိုင်ယူထားနိုင်ပြီး ထိပ်ဆုံးမှ အာဆင်နယ်နှင့် ၁ မှတ်အကွာ ၁ ပွဲလျှော့ကစားပြီး ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။

အသက် ၂၃ နှစ်ရှိ အာလင်းဟာလန်းဟာလည်း ဝုဗ်နှင့်ပွဲမှာ ၄ ဂိုးသွင်းပြီးနောက် နောက်ဆုံး ပရီးမီးယားလိဂ် ၄ ပွဲမှာ ၇ ဂိုးအထိ သွင်းထားနိုင်ပါတယ်။

ဝုဗ်နှင့်ပွဲအပြီးမှာ ရွိုင်းကိန်းရဲ့ ဝေဖန်မှုအား ဟာလန်းက “ဒီလူနဲ့ပတ်သက်ပြီး ကျုပ် ဘာမှကို ဂရုမစိုက်တာ”လို့ ပြောကြားခဲ့ပါတယ်။

ရွိုင်းကိန်းဟာ ၂၀၀၁ ခုနှစ်တုန်းက မန်ချက်စတာဒါဘီပွဲစဉ်တွင် အာလင်းဟာလန်းရဲ့ ဖခင်အယ်ဖင်းကို ကြမ်းတမ်းတဲ့ ဖျက်ထုတ်မှု ပြုလုပ်ပြီး ဒဏ်ရာရရှိအောင် တမင်လူချမှုကြောင့် ဟာလန်းမိသားစုနှင့် ပြဿနာရှိခဲ့သူ ဖြစ်ပါတယ်။

အာလင်းဟာလန်းဟာ ပရီးမီးယားလိဂ်ဂိုး ၆၁ ဂိုးအထိ သွင်းထားနိုင်ပြီ ဖြစ်ပြီး ပရီးမီးယားလိဂ်သမိုင်းတွင် ဂိုးအများဆုံးသွင်းယူထားသူများစာရင်းမှာ အဆင့် ၈၇ နေရာမှာ ရပ်တည်လာပါတယ်။

သူဟာ ၂၅ ဂိုးဖြင့် ပရီးမီးယားလိဂ်ဂိုးသွင်းဘုရင်ဇယားကို ဦးဆောင်နေပြီး ဒုတိယနေရာမှ နယူးကာဆယ်တိုက်စစ်မှူးအလက်ဇန္ဒားအိုင်ဆတ်အား ၅ ဂိုးဖြတ်ထားနိုင်ပါတယ်။