ကံကောင်းပြီး သန်းကြွယ်သူဌေးကြီး ဖြစ်လာတဲ့ ထိုင်း အိမ်ဖော် အမျိုးသမီးကြီး

ထိုင်းနိုင်ငံ ဆူရတ်သနီပြည်နယ်မှာ မိမိကိုယ်ကိုယ် အဆုံးစီရင်သွားတဲ့ ပြင်သစ်စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးတစ်ဦးဟာ သူမရဲ့ ဘတ် သန်း ၁၀၀ တန်ဖိုးရှိ ပိုင်ဆိုင်မှုပစ္စည်းများကို အိမ်အကူအမျိုးသမီးအတွက် အမွေအဖြစ် ချန်ထားပေးခဲ့ကြောင်း ထိုင်းပြည်တွင်းသတင်းတွေက ဖော်ပြပါတယ်။
မဒမ်ကက်သရင်းလို့ သိထားကြတဲ့ အသက် ၅၉နှစ်အရွယ် ပြင်သစ်လုပ်ငန်းရှင်အမျိုးသမီး ကက်သရင်း ဒီလာကိုတီဟာ ဧပြီ ၂၉ ရက်က သူမရဲ့နေအိမ်ခြံဝင်းအတွင်း ကိုယ့်ဘာသာ သေနတ်ဖြင့်ပစ်ခတ်ကာ အဆုံးစီးရင်ခဲ့ပြီး သေဆုံးခဲ့ခြင်းဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောကြားပါတယ်။
သူမဟာ ကွယ်လွန်သွားပြီးနောက် ဘတ်ငွေ သန်း၁၀၀ (အမေရိကန်ဒေါ်လာ ၂.၇သန်းခန့်)နှင့် ကြောင်သုံးကောင် ကျန်ရစ်ပြီး သူမရဲ့ အိမ်ဖော် အမျိုးသမီးကြီး ပါတင်ကို အမွေပေးခဲ့ကြောင်း သေတမ်းစာထဲမှာ ကြိုရေးထားခဲ့တယ်လို့ သိရပါတယ်။
အန်တီတင် (ပါတင်)ဟာ မွေးနေ့ကြောင့် ခွင့်ယူထားချိန်မှာ မဒမ်ကက်သရင်းရဲ့ ကြေကွဲဖွယ်အဖြစ်ဆိုး ဖြစ်ခဲ့တာပါ။ မဒမ်ကက်သရင်းရဲ့ သတင်းဆိုးကို သိရပြီးနောက် အတော်ပင်ဝမ်းနည်း တုပ်လှုပ်ရတယ်လို့ အန်တီတင်က မျက်ရည်တွေဖြိုင်ဖြိုင်ကျရင်း မီဒီယာကို ပြောပါတယ်။
မဒမ်ကက်သရင်းကို သိတာ ၁၇နှစ်ကျော်ပြီဖြစ်ကြောင်းနဲ့ သူမရဲ့သူငယ်ချင်းတစ်ဦးက မဒမ်ကက်သရင်းဆီမှာ အိမ်ဖော်လုပ်ပေးဖို့ မိတ်ဆက်ပေးခဲ့တာလို့ ဆိုပါတယ်။ အဲ့ကတည်းက အန်တီတင်ဟာ ကက်သရင်းဆီမှာပဲ တောက်လျောက် အလုပ်လုပ်ပေးခဲ့ကာ လက်ရှိမှာ တစ်လကို ထိုင်းဘတ်ငွေ ၂၂၀၀၀ လစာရရှိပါတယ်။
အန်တီတင် အမွေရခဲ့သည့် ပိုင်ဆိုင်မှုပစ္စည်းများထဲတွင် ဒီလာကိုတီရဲ့ နေအိမ်ခြံဝန်း၊ ငွေသားများ၊ ကားတစ်စီးနှင့် အခြားပိုင်ဆိုင်မှုများ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။