ဒီနှစ်ထဲ အိမ်၊ ခြံ‌၊ မြေ အရောင်းအဝယ်အေးနေရတဲ့ အဓိက အကြောင်းအရင်း တစ်ချက်

လက်ရှိ အိမ်၊ ခြံ‌၊ မြေ ဈေးကွက်အတွင်း အခွန်စည်းကြပ်မှုများကြောင့် အရောင်းအဝယ် အေးနေကြောင်း မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း ဗဟိုဥက္ကဌ ဒေါ်မိုးမိုးအောင်က ပြောကြားသည်။

ယမန်နေ့က ရန်ကုန်မြို့ရှိ အိမ်ခြံမြေအခန်းကဏ္ဍနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုအခန်းကဏ္ဍ ဆွေးနွေးပွဲတွင် ၄င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

” အိမ်၊ခြံ‌၊မြေဈေးကွက်က အရောင်းအဝယ်အေးနေတာ နှစ်လလောက်ရှိပြီ။ ဘာလို့အေးနေတာလဲဆိုရင် အခွန်တွေမှာလည်း သေချာစစ်ဆေးမှုတွေရှိနေတယ်။ Social Power ၊ General Power လုပ်တဲ့အခါမှာလည်း အခွန်မဆောင်ထားလို့ရှိရင် စာချုပ်မချုပ်ဘူး ဆိုတဲ့ ဟာတွေရှိနေတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁ ရက်နေ့ကစပြီးမှ ပြောင်းလိုက်တာပေါ့။ ဟိုးတုန်းကတော့ Social Power ၊ General Power အခွန်မဆောင်ထားလည်းပေးချုပ်တယ်။ နောက်ပိုင်းမှသာ အခွန်ဆောင်ပြီးမှ ပေးချုပ်တာပေါ”ဟု ၎င်းကဆိုသည်။

လယ်ယာမြေ၊ အိမ်ခြံမြေအပါအဝင် မရွှေ့မပြောင်းနိုင်သည့်ပစ္စည်းများ ရောင်းချမှုအပြီးတွင် ကိုယ်စားလှယ်လွှဲစာ (GP ၊ SP) ကို မှတ်ပုံတင်ပေးရန် ဦးစွာလျှောက်ထားခွင့် မပြုတော့ကြောင်း မြို့တော်စာချုပ်စာတမ်း မှတ်ပုံတင်ရုံးက အသိပေးထားသည်။

မြန်မာနိုင်ငံ တံဆိပ်ခေါင်းခွန်အက်ဥပဒေ အပါအဝင် သက်ဆိုင်ရာအခွန်ဥပဒေများနှင့်အညီ ကျသင့်သည့်အခွန်များကို ဦးစွာပေးဆောင်၍ ပိုင်ဆိုင်မှုအလွှဲအပြောင်း စာချုပ်စာတမ်းကို လာရောက်မှတ်ပုံတင်သည့် အချိန်မှသာ အထွေထွေကိုယ်စားလှယ်လွှဲစာ (GP ၊ SP) ကို မှတ်ပုံတင်ပေးခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပိုင်ဆိုင်မှုစာချုပ်စာတမ်းဖြစ်သည့် ကိုယ်စားလှယ်လွှဲစာများကို အခွန်ဆောင်ပြီးမှ မှတ်ပုံတင်ခွင့်ပြုခြင်းသည် ရောင်းမှားဝယ်မှားမဖြစ်စေရန် ကြိုတင်တားဆီးနိုင်ရန် ရည်ရွယ်၍ လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ လုပ်ငန်းစဉ်များကြောင့် ယခုလပိုင်းအတွင်း အိမ်၊ခြံ‌၊မြေအရောင်းများ အေးနေခြင်းဟု အဆိုပါလုပ်ငန်းအား လုပ်ကိုင်သူများက ပြောကြားသည်။