ဟာလန်းကို ဆိုးသွမ်းကလေးငယ်လို့ မထိတထိ လှောင်ပြောင်လာတဲ့ မန်ယူ ကစားသမားဟောင်း ရွိုင်ကိန်း

မန်စီးတီး တိုက်စစ်မှူး ဟာလန်းနဲ့ မန်ယူကစားသမားဟောင်း ရွိုင်ကိန်းတို့ကြားက စကားစစ်ထိုးမှုဟာ ဆက်ရန်ရှိသေးနိုင်သေးတဲ့ အကြောင်းတရားတွေ ထွက်ပေါ်လာပါတယ်။
မန်စီးတီးက ဝုဗ်ကို ၅-၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့အပြီးမှာ သူ့ကို လိဂ် ၂ အဆင့် ကစားသမားလို့ ဝေဖန်ခဲ့တဲ့ ရွိုင်ကိန်းနဲ့ ပတ်သက်လို့ ဟာလန်းက “ကျွန်တော် အဲ့ဒီလူနဲ့ပတ်သက်လို့ တကယ်ကို ဘာမှဂရုစိုက်နေစရာ မရှိတာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။
ဟာလန်းတို့ မိသားစုနဲ့ ရွိုင်ကိန်းတို့ဟာ အစဉ်အဆက် မကျေလည်မှုတွေ ရှိခဲ့ကြပြီး အယ်လ်ဖီဟာလန်းကိုလည်း ရွိုင်ကိန်းက ကစားသမားဘဝမှာ ဒဏ်ရာရရှိအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့ဖူးပါတယ်။
ဒါကြောင့်ပဲ ဝုဗ်ပွဲတုန်းက ဟာလန်းရဲ့ စွမ်းဆောင်ရည်အပေါ် ရွိုင်ကိန်းက “ ဟာလန်းတစ်ယောက် လူစားလဲခံရတုန်းက မပျော်မရွှင်ဖြစ်နေတာကို ကျွန်တော်တို့ မြင်တွေ့ခဲ့ရပါတယ်။ သူက အလိုလိုက်ထားလို့ ဆိုးသွမ်းနေတဲ့ ကလေးတစ်ယောက်လိုပါပဲ။
ဒါပေမယ့် သူတို့ နိုင်တယ်လေ။ သူလည်း ဂိုးသွင်းနိုင်တာပဲ။ အဲ့ဒါတွေကိုတော့ မေ့လုနီးနီးဖြစ်သွားပါတယ်” လို့ ဝေဖန်ပြောကြားခဲ့ပါတယ်။
ရွိုင်ကိန်းရဲ့ အခုလိုမျိုး ဝေဖန်ပုံကို ဟာလန်းနဲ့ ဂွါဒီယိုလာတို့ ဘယ်လိုမျိုး တုံ့ပြန်လာဦးမလဲ စိတ်ဝင်စားဖို့တော့ ကောင်းနေပါတယ်။