မန်စီးတီး လက်ကျန်ပွဲတွေထဲမှာ အမှတ်လျော့ဖို့ ရင်ထဲ အသည်းထဲက ဆုတောင်းနေတဲ့ အာတီတာ

အာဆင်နယ် နည်းပြ အာတီတာကတော့ သူ့ရဲ့ ရင်ထဲ အသည်းထဲ အတွင်းစိတ်ထဲမှာ မန်စီးတီးအသင်း အမှတ်လျော့တာတွေ ဖြစ်လာဖို့ မျှော်လင့်ပါကြောင်း ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

မန်စီးတီးက ကိုယ့်သမိုင်း ကိုယ်ရေးခွင့် ရှိနေချိန် အာတီတာရဲ့ အာဆင်နယ်ကတော့ ကိုယ့်ရဲ့ပွဲတွေကို နိုင်ဖို့အပြင် စီးတီး ခြေချော်ဖို့လည်း မျှော်လင့်နေရတာပါ။

” ကျနော် ရင်ထဲ အသည်းထဲ က ကိုယ့်ရဲ့ စိတ်ဝိဉာဉ်ထဲကတော့ မန်စီးတီးအသင်း အမှတ်လျော့မှာကို မျှော်လင့်နေမိပါတယ် ” ဆိုပြီး အာတီတာက ထုတ်ဖော် ဝန်ခံပါတယ်။

လက်ရှိမှာ အာဆင်နယ်က မန်စီးတီးရဲ့ အထက်မှာ ရပ်တည်နေပေမယ့်လို့ ပွဲကျန်တွေကို အနိုင်ရခဲ့ရင် ဂွာဒီယိုလာရဲ့ အသင်းကပဲ ဇယားထိပ်ကို ပြန်တက်သွားမှာ ဖြစ်ပါတယ်။

အာတီတာက ” ကျနော် ဘယ်လို ခံစားနေရလဲ ခင်ဗျားတို့ သိပါတယ်။ ကိုယ်ကလည်း ပွဲတွေကို အနိုင်ရဖို့ လိုပါတယ်။ အခြားအသင်းကလည်း အမှတ်တွေလျော့ဖို့ လိုပါတယ်။ အဲ့လို ဖြစ်လာဖို့လည်း မျှော်လင့်နေပါတယ်။

စီးတီး အနိုင်ရသွားရင်လည်း ကိုယ့်ရဲ့ ခံစားချက်ကို ထိန်းချုပ်နိုင်ဖို့ လိုပါတယ်။ ပွဲတွေ ဆက်ကစားရဖို့ ရှိနေဆဲဖြစ်ပါတယ်။ ဆက်ပြီး ခြေစွမ်းပြရမယ်၊ ပြင်ဆင်ရမယ်၊ ပုံစံကောင်းတွေကို ဆက်ထိန်းပြီး နောက်ပွဲကို အနိုင်ရအောင် လုပ်ရပါမယ် “လို့ ပြောဆိုခဲ့ပါတယ်။

စီးတီးက ရာသီကုန်ထိ ၃ ပွဲ ကစားဖို့ ကျန်ချိန်မှာ အာဆင်နယ်ဟာ မန်ချက်စတာ ယူနိုက်တက်၊ အဲဗာတန်အသင်းတို့နဲ့ ယှဉ်ပြိုင်ဖို့ပဲ ကျန်ရှိတော့တာ ဖြစ်ပါတယ်။