ဟာလန်း ထက် အမ်ဘာပေ က ပိုကောင်းတယ် ဆိုလာတဲ့ အာဆင်နယ် ဂိုးသမား ရာယာ

အာဆင်နယ်ဂိုးသမား ဒေးဗစ် ရာယာက မန်ချက်စတာစီးတီး တိုက်စစ်မှူး အာလင်း ဟာလန်းထက် ပီအက်စ်ဂျီ တိုက်စစ်မှုး အမ်ဘာပေ က ပိုကောင်းတယ်လို့ ထင်တဲ့ ကစားသမားကို ပြောပြခဲ့ပါတယ်။

ရာယာက ဒီရာသီမှာ နှစ်ပေါင်း ၂၀ ကြာ စောင့်ဆိုင်းခဲ့ရတဲ့ ပရီးမီးယားလိဂ်ဖလားကို အာဆင်နယ်တို့ ရရှိအောင် ကူညီပေးနိုင်ဖို့ မျှော်လင့်နေပေမယ့်လည်း မန်စီးတီး ခြေချော်မှသာ ဖြစ်နိုင်ခြေရှိနေပြီး ဟာလန်းက အကောင်းဆုံးပုံစံပြန်လည်ရရှိနေတာဖြစ်ပါတယ်။

ဟာလန်းဟာ ပြီးခဲ့တဲ့ဝုဗ်နဲ့ပွဲမှာ တစ်ဦးတည်း ၄ ဂိုးအထိ သွင်းယူပေးခဲ့ပြီး အာဆင်နယ်က လက်ရှိမှာ ရမှတ် ၈၃ မှတ်နဲ့ အမှတ်ပေးဇယားထိပ်ဆုံးမှာ တစ်ပွဲလျော့နေတဲ့ ဒုတိယနေရာက မန်စီးတီးထက် ၁ မှတ်အသာနဲ့ ဦးဆောင်နေတာဖြစ်ပါတယ်။

အာဆင်နယ် ဂိုးသမား ဒေးဗစ် ရာယာက အာလင်း ဟာလန်းထက် ပိုမိုကောင်းမွန်တဲ့ ကစားသမားဆိုလို့ ကမ္ဘာ့ဘောလုံးလောကမှာ တစ်ဦးတည်းရှိတယ်လို့ ယုံကြည်နေပြီး အဲဒီကစားသမားက ခီလီယန် အမ်ဘာပေ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ရာယာ တစ်တော့မှာ တင်ခဲ့တဲ့ ဗီဒီယိုထဲမှာ ဟာလန်းနဲ့ အမ်ဘာပေတို့ ၂ ဦးထဲက အကောင်းဆုံး ကစားသမားကို ရွေးချယ်ဖို့ မေးမြန်းခြင်း ခံခဲ့ရချိန်မှာ မန်စီးတီး တိုက်စစ်မှူးကို မရွေးချယ်ခဲ့ပါဘူး။

ပြင်သစ်တိုက်စစ်မှူးဟာ ပီအက်စ်ဂျီအသင်းအတွက် ၃၀၅ ပွဲမှာ သွင်းဂိုး ၂၅၅ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၀၈ ကြိမ်အထိ ထူးထူးခြားခြား ပြုလုပ်ပေးထားနိုင်တဲ့ ကစားသမားဖြစ်ပြီး နော်ဝေတိုက်စစ်မှူးကလည်း မန်စီးတီးအတွက် ၉၄ ပွဲမှာ သွင်းဂိုး ၈၈ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၅ ကြိမ် ပြုလုပ်ပေးထားတာဖြစ်ပါတယ်။