ပြည်တွင်းမှာ ရှုံးပွဲမရှိတဲ့ မြန်မာဖိုက်တာ ကျော်စွာဝင်း ONE Championship မှာ ဝင်ထိုးမည်

ပြည်တွင်းမှာ ရှုံးပွဲမရှိ စံချိန်ယူထားသည့် မြန်မာပြည် ရိုးရာလက်ဝှေ့အကျော်အမော် ကျော်စွာဝင်းသည် လာမည့်လပိုင်းအတွင်း ONE Championship မှ စီစဉ်သည့် ပွဲများတွင်း ထိုးသ-တ်သွားမည်ဖြစ်ကြောင်း သိရသည်။

အသက် ၂၂ နှစ်အရွယ် ကျော်စွာဝင်သည် လက်ရှိတွင် (၇၅) ကီလိုတန်းမှ (၇၀) ကီလိုတန်းသို့ ရောက်အောင် ဝိတ်ချနေပြီး လာမည့် ဇူလိုင်လတွင် ONE ၏ ပွဲစဉ်၌ သွားရောက်ယှဉ်ပြိုင် ထိုးသ-တ်ရန် ပြင်ဆင်နေကြောင်း သိရသည်။

“ONE မှာတော့ ကျွန်တော့် ဝိတ်က (၇၄)/(၇၅) ကီလိုတန်းဆိုရင် သိပ်အဆင်မပြေဘူး။ (၇၀) ကီလို တန်းလောက်အထိ ဝိတ်ချဖို့ လိုနေတာကြောင့် အချိန်ယူနေတာပါ။

ပွဲစီစဉ်သူဘက်ကတော့ (၆)လပိုင်း (၇)လပိုင်းလောက်မှာ (၇၀)ကီလိုချပေးဖို့ အချိန်ပေးပြီး စောင့်နေပါတယ်။ ပွဲလည်း အသင့်စီစဉ်ထားပြီးပါပြီ။ ဒါကြောင့် (၇)လာပိုင်းကျရင်တော့ ONE စင်မြင့်ထက်မှာ တွေ့ရတော့မှာပါ” ဟု ကျော်စွာဝင်းကဆိုသည်။

ကျော်စွာဝင်းသည် လက်ရှိအချိန်အထိ ရိုးရာလက်ဝှေ့ ပွဲပေါင်း (၉၄)ပွဲယှဉ် ပြိုင်ထိုးသ-တ်ထားပြီး ရှုံးပွဲမရှိသူတစ်ဦးအဖြစ် မှတ်တမ်းတင်ခြင်း ခံထားရသူဖြစ်ကာ မြန်မာပြည်ချန်ပီယံဆုကိုလည်း မျှော်မှန်းထားသူ တစ်ဦီးဖြစ်သည်။

လက်ရှိတွင် ကျော်စွာဝင်းအနေဖြင့် ဖခင်ဖြစ်သူ ထိပ်တန်း ရိုးရာလက်ဝှေ့ကျော် ဉီးမိုးလေးနှင့် M2K ကလပ်တွင် လေ့ကျင့်ပြင်ဆင်လျက်ရှိပြီး ၎င်းသည် မြန်မာနိုင်ငံ၏ ပထမတန်း လက်ဝှေ့ကျော်များအနက် အငယ်ဆုံးနှင့် သက်လုံအကောင်းဆုံး ကစားသမားတစ်ဦးလည်း ဖြစ်သည်။