ပြင်ဦးလွင်မှာ ပြုလုပ်မယ့် ဒူးရင်းသီးစတုဒိသာပွဲတော်

မေလ (၂၅)ရက်မှာ ပြင်ဦးလွင်မြို့၊ တောင်ပုလတောင်တော်စေတီတော်တွင် ဒူးရင်းသီးစတုဒိသာပွဲနှင့် သစ်ပင်စိုက်ပျိုးပွဲ ကျင်းပမယ်လို့ သိရပါတယ်။
ဒူးရင်းသီးစတုဒိသာပွဲမှာ ဒူးရင်းသီး အလုံး (၃၀၀၀) ကျော်နှင့်အထက် ကျွေးမွေးလှူဒါန်းသွားဖို့ရှိပြီး ထူးခြားချက်အနေနဲ့ကတော့ သစ်ပင်စိုက်ပွဲတော်ကိုပါ ထည့်သွင်းပြီး ပျိုးပင်တွေ စိုက်ပျိုးသွားမယ်လို့ သိရပါတယ်။
“ဒူးရင်းသီးစတုဒိသာနှင့် သစ်ပင်စိုက်ပွဲတော် (၂၅.၅.၂၀၂၄) (စနေနေ့)နံနက်(၀၉:၃၀)မှ စတင်ကုသိုလ်ပြုပါမယ်။ ဒူးရင်းသီးအလုံး (၃၀၀၀) ကျော်နှင့်အထက်ကျွေးမွေးလှူဒါန်းသွားမယ်”ဟု တောင်ပုလဆရာတော်မှ ရေးသားဖော်ပြထားပါတယ်။
တောင်ပုလသစ်ပင်စိုက်ပျိုးပွဲတော်အတွက် သစ်တောဦးစီးဌာန၊ ဝန်ကြီးရုံးမှ ခရေ(၅၀၀)ပင်၊ ကံကော် (၇၀၀)ပင်၊ ငုဝါ(၅၀၀)ပင်၊ သစ်ပိတောက် (၅၀၀)ပင်၊ထောက်ကြံ့(၅၀၀)ပင်၊ ကညင် (၁၀၀၀)ပင်၊ အင်ကြင်း (၁၅၀၀)ပင်၊ မဟော်ဂနီ (၁၅၀၀)ပင် လှူဒါန်းထားကြောင်း သိရပါတယ်။