ရန်ကုန်တွင်း တိုက်ခန်း အငှားစျေးနှုန်းတွေ မြင့်တက်၊ ရောင်းဈေးများလည်း ထိုင်းကွန်ဒိုတွေနီးပါး ဈေး​ဖြစ်

ရန်ကုန်တိုင်းအတွင်း တိုက်ခန်းအရောင်းအဝယ် အငှားစျေးနှုန်းများ မြင့်တက်နေကြောင်း အိမ်ခြံမြေအကျိုးဆောင်များနှင့် အိမ်ငှားရမ်းနေထိုင်သူများထံမှ စုံစမ်းသိရရှိသည်။

“ တိုက်ခန်းစျေးတွေက တက်နေတာ။ ရွှေစျေးနဲ့ ဒေါ်လာစျေးမငြိမ်တော့ တိုက်ခန်းစျေးနှုန်းတွေက တက်နေတယ်။ တိုက်ခန်းတွေက အခုဆိုရင် သိန်း ၁၀၀၀ လောက်ထိခေါ်နေတယ်။ ကွန်ဒိုတိုက်ခန်းတွေဆိုရင် အနည်းဆုံး သိန်း ၃၀၀၀ လောက်က စပြီးစျေးပေါက်နေတယ်” ဟု လိုင်စင်ရ အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက MPA ကိုပြောသည်။

ထို့ပြင် တိုက်ခန်းငှားရမ်းခစျေးနှုန်းများလည်း မြင့်တက်နေပြီး ကြိုတင်ငွေချေ ငှားရမ်းမှုများရှိနေကြောင်း ၎င်းကရှင်းပြသည်။

“ တိုက်ခန်းငှားရမ်းခတွေဆိုရင်လည်း စျေးတက်နေတာ။ စစ်ဖြစ်လို့ ပြောင်းလာကြတဲ့သူများနေတော့ တိုက်ခန်း ငှားရမ်းတာတွေအရမ်းများနေတော့ စျေးတွေလဲတက်နေတယ်။ နှစ်သိန်းနဲ့ သုံးသိန်းကြားကအနည်းဆုံးပဲ။ ” ဟု ၎င်းကဆိုသည်။

တိုက်ခန်းငှားရမ်းနေထိုင်သူများအနေဖြင့်လည်း တိုက်ခန်းငှားရမ်းခစျေးနှုန်းများ ကြီးမြင့်နေသည့်အပြင် လွယ်လွယ်နှင့် ငှားရမ်း၍ မရတော့ကြောင်း သာကေတမြို့နယ်မှ တိုက်ခန်းငှားရမ်းနေထိုင်သူအမျိုးသမီးတစ်ဦးက ဆက်လက်ပြောသည်။

“အရင်က တစ်သိန်းသုံးသောင်းနဲ့ ငှားခဲ့တဲ့ တိုက်ခန်းကအခု နှစ်သိန်းဖြစ်နေပြီ၊ တိုက်ခန်းငှားဖို့ရှာရတာလဲ မလွယ်တော့ဘူး။ အရင်က တိုက်ခန်းငှားတာ ခြောက်လ၊ တစ်နှစ်အနည်းဆုံးချုပ်ရတာ။

အခုကျတော့ တစ်နှစ်ချုပ်မယ်လို့ ပြောတာတောင် ပေးမချုပ်တော့ဘူး။ ပွဲစားတွေနဲ့ အိမ်ရှင်တွေက တိုက်ခန်းအငှားစျေးနှုန်းတွေတက်နေတာသိတော့ အများဆုံး ခြောက်လချုပ်ပဲလက်ခံတော့တယ်။

ပထမက ပိုက်ဆံလေးစုပြီးတော့ တိုက်ခန်းလေးဝယ်မလို့ စဥ်းစားထားတာ အခုတိုက်ခန်းစျေးနှုန်းတွေနဲ့ အနားတောင်မကပ်နိုင်တော့ဘူး” ဟု သာကေတမြို့နယ်မှ တိုက်ခန်းငှားရမ်းနေထိုင်သူ အမျိုးသမီးတစ်ဦးက ဆိုသည်။

လက်ရှိအချိန်တွင် ရန်ကုန်မြို့သာကေတ၊ ဒေါပုံ၊ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာဘက်ရှိ တိုက်ခန်းအရောင်းစျေးနှုန်းများမှာ အထပ်မြင့်အပေါ်ဆုံးထပ်သည် သိန်း ၅၀၀ ခန့်အထိ စျေးပေါက်နေကြောင်းသိရသည်။

ထို့ပြင် မြေညီတိုက်ခန်းများမှာ လက်ရှိအချိန်တွင် သိန်း ၁၅၀၀၊ ၂၀၀၀ ခန့်အထိ အနည်းဆုံးပေါက်စျေးရှိနေပြီး မြို့တွင်း Downtown ဧရိယာနှင့် မြေနီကုန်းစမ်းချောင်းတဝိုက်ရှိ တိုက်ခန်းများမှာ စျေးပိုမြင့်ကြောင်း အိမ်ခြံမြေအကျိုးဆောင်များထံမှ စုံစမ်းသိရှိရသည်။