ရန်ကုန်မှာ လေမိုး ပြင်းထန်ခဲ့ပြီး ဖြစ်တောင့်ဖြစ်ခဲ မိုးသီးကြွေကျ
ရန်ကုန်မြို့မှာ မေလ ၉ ရက် ဒီနေ့ နေ့လယ်က မိုးသက်လေပြင်းတွေကျပြီး မိုးသီးတွေပါ ကြွေကျတယ်လို့ ဒေသခံ ပြည်သူတွေထံက သိရပါတယ်။
ဒီနေ့ နေ့လယ် ၃ နာရီမထိုးခင်မှာ ရန်ကုန်မြို့ရဲ့ နေရာတော်တော်များများမှာ မိုးသက်လေပြင်း ကျရောက်တာ၊ မိုးခြိမ်းတာတွေဖြစ်ခဲ့ပြီး အင်းစိန်မြို့နယ်၊ လှိုင်သာယာမြို့နယ်တွေမှာတော့ ကျောက်စလစ်ခဲအရွယ် မိုးသီးတွေ ကြွေကျခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
အင်းစိန်မြို့နယ်မှာ နေထိုင်သူတဦးက “မိုးစစရွာတုန်းကတည်းက မိုးပေါက်တွေက ကြီးတယ်။ ငါးမိနစ်လောက်လည်းနေရော မိုးသီး အသေးလေးတွေ အရင်ကျပြီး ခဏရပ်တယ်။ နောက် ငါးမိနစ်လောက် ကြာတော့ ထပ်ပြီးကြွေကျသေးတယ်”လို့ ပြောပါတယ်။
ရန်ကုန်မြို့မှာ အခုလို မိုးသီးကြွေတဲ့ဖြစ်စဉ်ဟာ ဖြစ်တောင့်ဖြစ်ခဲဖြစ်ပြီး ၁၀ နှစ်နေလို့ မိုးသီး တခါကြွေတဲ့ဖြစ်စဉ်မျိုး မရှိဘူးလို့ ရန်ကုန်မြို့ခံတွေက ဆိုပါတယ်။
ဒီလို မိုးသီးကြွေတဲ့ ဖြစ်စဉ်ကြောင့် လူထိခိုက်တာမျိုးမရှိပေမဲ့ လေပြင်းတိုက်ခတ်တာကြောင့် နေအိမ်တချို့ အမိုးတွေ ပျက်စီးတာ၊ သစ်ပင်တွေ ပြိုလဲသွားတာတွေ ဖြစ်ပေါ်ခဲ့ကာ မွန်းလွဲ ၃ နာရီခွဲလောက်မှာ မိုးရွာတာ အားပျော့သွားတယ် လို့သိရပါတယ်။
ရန်ကုန်တိုင်းအတွင်း မရမ်းကုန်မြို့နယ်နဲ့ ရွှေပြည်သာ မြို့နယ်တွေမှာ အချို့နေရာတွေမှာလည်း မိုးရွာသွန်းမှု ရှိခဲ့ပြီး လေလည်း အနည်းငယ် ပြင်းထန်ခဲ့တယ်လို့ မြို့ခံတွေက ပြောဆိုခဲ့ကြပါတယ်။