သန်လျင်တံတား ပြီးစီးတော့မှာကြောင့် ရိုက်ခတ်လာတဲ့ သန်လျင်အိမ်ခြံမြေ စျေးကွက်

သန်လျင်တံတား အမှတ် (၃) ပြီးစီးတော့မယ့် သတင်းတွေကြောင့် သန်လျင်မြို့နယ်ထဲက အိမ်ခြံမြေဈေးတွေ နှစ်ဆကျော် မြင့်တက်နေတယ်လို့ အိမ်ခြံမြေ အကျိုးဆောင်တွေက ဆိုပါတယ်။
ရန်ကုန်မြို့တွင်း သာကေတမြို့နယ်နဲ့ သန်လျင်မြို့နယ်တို့ကို ဆက်သွယ်ထားတဲ့ ပဲခူးမြစ်ကူး သန်လျင်တံတား အမှတ် (၃) စီမံကိန်းဟာ လက်ရှိမှာ ရာနှုန်းပြည့်နီးပါး ပြီးစီးနေပြီဖြစ်ပါတယ်။ ဒီတလော သန်လျင်အိမ်ခြံမြေဈေးနှုန်းဟာလည်း သိသိသာသာ စျေးမြင့်တက်လာတာ ရှိပါတယ်။
“ သန်လျင်တံတားပြီးရင် သန်လျင်မှာ အခုထက်ပိုပြီး အိမ်ခြံမြေဈေး ကောင်းလာနိုင်တယ်။ မြို့ထဲနဲ့လည်းနီးတော့ အခု တံတားဖွင့်လာရင် သန်လျင်က ပိုပြီးတော့တောင် စည်ကားလာနိုင်တယ်။ ” လို့ သန်လျင် အိမ်ခြံမြေ အကျိုးဆောင်တယောက်က ပြောပါတယ်။
ကိုးရီးယား – မြန်မာ ချစ်ကြည်ရေး ဒလတံတား တိုးတက်လာမှု အခြေအနေကြောင့် ဒလမှာလည်း အိမ်ခြံမြေစျေး တက်တော့မယ်လို့ မက်လုံးပေးနေတာတွေ ရှိပါတယ်။
သန်လျင်နဲ့ ဒလဘက်တွေမှာ အိမ်ခြံမြေစျေးတွေတက်နေတယ်လို့ ဆိုကြပေမယ့် ဒီနှစ်တွေအတွင်း အိမ်ခြံမြေရောင်းချမှုအပြီး ပိုင်ဆိုင်မှုလွှဲပြောင်းရာမှာ အခွန်မူဝါဒ တင်းကြပ်လိုက်မှုကြောင့် အရောင်းအဝယ် လုပ်ကိုင်ရတာ ပိုခက်ခဲလာကြောင်း၊ ဝယ်လက်နည်းပါးလှကြောင်း အိမ်ခြံမြေအကျိုးဆောင် အသိုင်းအဝိုင်းကနေ ပြောဆိုမှုတွေရှိပါတယ်။
“အရောင်းအဝယ်အေးနေတာ နှစ်လလောက်ရှိပြီ။ ဘာလို့လဲဆိုရင် အခွန်တွေကို သေချာစစ်ဆေးမှုတွေ ရှိနေတယ်”လို့ မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း (ဗဟို) မှ တာဝန်ရှိသူတစ်ဦးက မေလထဲမှာပဲ ပြောဆိုပါတယ်။
လယ်ယာမြေ၊ အိမ်ခြံမြေအပါအဝင် မရွှေ့မပြောင်းနိုင်တဲ့ ပစ္စည်းတွေ ရောင်းချမှုအပြီး ကိုယ်စားလှယ်လွှဲစာ (SP ၊ GP) ကို ကျသင့်တဲ့ အခွန်တွေ ထမ်းဆောင်ပြီးမှ မှတ်ပုံတင်ပေးမယ်လို့ မြို့တော်စာချုပ်စာတမ်းမှတ်ပုံတင်ရုံးက အသိပေးထားပါတယ်။