စီးတီးပွဲကြို ဖူလ်ဟမ်အသင်း ထရိန်နင်က လုပ်ရပ် အပေါ် အာဆင်နယ် ပရိသတ်တွေ မခံမရပ်နိုင် ဖြစ်နေကြပါတယ်

အာဆင်နယ်အသင်းဟာ ၂၀၂၄ ထဲမှာ စွမ်းဆောင်ရည်ကောင်းတွေပြသနေပေမယ့် ပရီးမီးယားလိဂ်ချန်ပီယံဆုက သူတို့လက်ထဲမှာ မရှိဘဲ မန်စီးတီး ခြေအချော်ကို စောင့်မျှော်နေရတာ ဖြစ်ပါတယ်။
ဂွါဒီယိုလာရဲ့အသင်းဟာ စနေနေ့မှာ ဖူလ်ဟမ်အသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပြီး ၇ ပွဲဆက်အနိုင်ရဖို့ ရေပန်းအစားဆုံးဖြစ်နေပါတယ်။
မန်စီးတီးကို ဖူလ်ဟမ် ၊ တော့တင်ဟမ် ၊ ဝက်စ်ဟမ်းတို့ထဲက တစ်သင်းသင်းက တားဆီးနိုင်ဖို့ ဂန်းနားတွေက မျှော်လင့်နေပြီး အာဆင်နယ်ကတော့ လက်ကျန် ၂ ပွဲမှာ ယူနိုက်တက် ၊ အဲဗာတန်တို့နဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။
ဖူလ်ဟမ်အနေနဲ့ မန်စီးတီးကို တားဆီးနိုင်မလားလို့ အာဆင်နယ်ပရိသတ်တွေက မျှော်လင့်ခဲ့ပေမယ့် မာကိုဆေးလ်ဗားရဲ့ကစားသမားတွေ ထရိန်နင်မှာ လုပ်ပြခဲ့တဲ့ဗီဒီယိုဖိုင်ကြောင့် အာဆင်နယ်ပရိသတ်တွေ ဒေါသထွက်ခဲ့ကြပါတယ်။
ဘရာဇီးသား ၃ ဦးဖြစ်တဲ့ ရိုဒရီဂို ၊ ပါရဲရားနဲ့ ဝီလီယံတို့ကတော့ စွန်လွှတ်နေကြတာဖြစ်ပြီး ဂျီမီနက်ဇ်က ဗီဒီယိုရိုက်ပေးခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်ဟာ သြဂုတ်လတုန်းက ဖူလ်ဟမ်ကို ပယ်လင်ဟာရဲ့နောက်ကျဂိုးကြောင့် ၂-၂ သရေကျခဲ့တာဖြစ်ပါတယ်။ ဖူလ်ဟမ်ဟာ နယူးရီးယားတုန်းကလည်း အာဆင်နယ်ကို ၂-၁ နဲ့အနိုင်ကန်ထားပြီး မန်စီးတီးနဲ့ပွဲမှာလည်း ခုလိုမျိုးလုပ်ပြနိုင်လိမ့်မယ်လို့ အာဆင်နယ်ပရိသတ်တွေက မျှော်လင့်နေကြပါတယ်။
“ကျွန်တော်တို့က မန်စီးတီးနဲ့ပွဲမှာ သူတို့တစ်ခုခုလုပ်ပြလိမ့်မယ်လို့ ဆုတောင်းနေတာ သူတို့က ထရိန်နင်မှာ စွန်လွှတ်နေတယ်တဲ့ဗျာ”လို့ အာဆင်နယ်ပရိသတ်တစ်ဦးက ရေးသားခဲ့ပါတယ်။
“ဒီအသင်းက မန်စီးတီးကိုအနိုင်ကန်ဖို့ ဒါမှမဟုတ် သရေကန်ဖို့ လိုအပ်ပါတယ်”လို့ နောက်ထပ်တစ်ဦးက ရေးသားခဲ့ပါတယ်။
“ငါတို့မျှော်လင့်ချက်တွေကို မင်းတို့ဆီမှာထားထားတာနော်”လို့ နောက်ထပ်တစ်ဦးကလည်း ရေးသားခဲ့ပါတယ်။