မိုးကြိုး၊ လျှပ်စီး၊ မိုးသီး၊ လေပြင်း အန္တရာယ် ရှိနိုင်ကြောင်း မိုးလေဝသ သတိပေးချက်

ခုရက်ပိုင်း မိုးရွာသွန်းမှုနဲ့အတူ မိုးကြိုးပစ် ၊မိုးသီးကြွေ၊ လေပြင်းတိုက်တာတွေ ဖြစ်နိုင်လို့ အန္တရာယ်တွေသတိပြုဖို့လို

ခုရက်ပိုင်းအတွင်း မိုးရွာမှုနဲ့အတူ မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေခြင်း၊လေပြင်းတိုက်ခြင်း၊ လျှပ်စီးလက်ခြင်းတွေပါ ဖြစ်ပေါ် နိုင်တာကြောင့် သတိထားဖို့လိုအပ်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနနဲ့ မိုးလေဝသပညာရှင်တွေက သတိပေးထားပါတယ်။

အရှေ့ဘက်မှရွေ့လျားလာတဲ့ လေပွေလှိုင်းက ထိုင်းနိုင်ငံမြောက်ပိုင်းကိုရောက်ရှိလာတဲ့ဖြစ်စဥ်ကြောင့် နဲ့ အပူချိန်မြင့်တက်ပြီး မိုးရွာသွန်းနိုင်တာဖြစ်လို့ မိုးကြိုး အန္တရာယ်ကို သတိပြုဖို့လိုအပ်တာဖြစ်တယ်လို့ ဆိုပါတယ်။

” အရှေ့လေပွေလှိုင်းတခုရွေလျားလာမှုကြောင့် မိုးမျှော်နေရတဲ့ ရန်ကုန်တိုင်းအပါအဝင် နောက် ၂၂နာရီအတွင်း ထစ်ချုန်းမိုးများ ရွာသွန်းလာနိုင်တယ်။ အပူချိန်မြင့်တက်နေစဥ် ရွာမယ့်မိုးဖြစ်လို့ ရန်ကုန်တိုင်း၊ ကရင်ပြည်နယ်၊မွန်ပြည်နယ်၊ ပဲခူးတိုင်းအရှေ့ပိုင်းမှာဆိုရင် မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနဲ့ လေပြင်းတိုက်ခတ်ခြင်းစတဲ့ အန္တရာယ်အနည်းငယ်ရှိလာနိုင်တာကိုသတိပြုဖို့လိုပါတယ် ” လို့ လေကြောင်းမိုးလေဝသဌာနမှူး ဦးဝေဖြိုးဟန်ကပြောပါတယ်။

မိုးရွာသွန်းနိုင်တဲ့နေရာတွေကတော့ ရန်ကုန်တိုင်း၊ ရှမ်းပြည်နယ်၊ မန္တလေးတိုင်းအထက်ပိုင်းတို့မှာနေရာကျဲကျဲ မိုးအသင့်အတင့်ရွာသွန်းနိုင်ပြီ းစစ်ကိုင်းတိုင်းအောက်ပိုင်း၊ နေပြည်တော်၊ ကရင်ပြည်နယ်၊မွန်ပြည်နယ်၊ ပဲခူးတိုင်းအရှေ့ပိုင်းနဲ့ တနင်္သာရီတိုင်းမှာနေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်တယ်လို့ သိရပါတယ်။

မြန်မာတနိုင်ငံလုံးကို မုတ်သုံဝင်ရောက်မှုအနေနဲ့ကတော့ ဇွန်လ ပထမပတ် ၁၀ ရက်အတွင်းမှာသာ ဝင်ရောက်နိုင်ဖွယ်ရှိကြောင်းလည်း ခန့်မှန်းထားပါတယ်။