ထီဂဏန်းပေးတာ မပေါက်လို့ အလှူငွေပြန်တောင်း တရားစွဲတဲ့ ထိုင်းအမျိုးသမီး

ထိုင်းအမျိုးသမီးတစ်ဦးဟာ ဘုန်းကြီးတစ်ပါးပေးတဲ့ နံပါတ်တွေအတိုင်း ထီထိုးကြည့်ပြီး မပေါက်တဲ့အခါ သူလှူထားတဲ့ငွေ ပြန်တောင်းမိတဲ့အတွက် အဲဒီဘုန်းကြီးက “အရှက်သိက္ခာမရှိဘူး”ဆိုပြီး ပုတ်ခတ်ပြောဆိုတာခံခဲ့ရတာကြောင့် မကျေမနပ်နဲ့ တရားစွဲဆိုထားတယ်လို့ ထိုင်းပြည်တွင်းမီဒီယာတစ်ခုက ရေးသားဖော်ပြပါတယ်။
ဘယ်သူဘယ်ဝါလို့ ထုတ်ဖော်ရေးသားခြင်းမရှိတဲ့ အဆိုပါထိုင်းဘုန်းကြီးဟာ ချွန်ပိုး (Chompoo) လို့ အတိုကောက်ခေါ်တဲ့အမျိုးသမီးရဲ့ တရားစွဲဆိုခံရပြီး ဘုန်းကြီးချပေးတဲ့ ဂဏန်းတွေအတိုင်း မပေါက်တာကြောင့် လိမ်လည်လှည့်ဖြားမှုနဲ့ စွဲချက်အတင်ခံရမယ့်အခြေအနေရှိနေပါတယ်။
ထိုင်းချန်နယ် ၃ နဲ့ အင်တာဗျူးမှာ အဲဒီထိုင်းဘုန်းကြီးက ပရဟိတလုပ်ငန်းတွေမှာ ထည့်ဝင်လှူဒါန်းကြဖို့ ဒါယကာ၊ ဒါယိကာမတွေကို လူမှုကွန်ရက်မှာ အုပ်စု (group) တစ်ခု ဖွဲ့ပေးခဲ့ပြီး ဘတ်ငွေ ၁၉၈ စီအချိုးကျလှူဒါန်းဖို့ တိုက်တွန်းခဲ့ပါတယ်။ သူ့အနေနဲ့ ပျော်ရွှင်စရာမက်လုံးအဖြစ် ထီနံပါတ်တွေကိုလည်း ချပေးခဲ့တယ်လို့ မီဒီယာကို ဘုန်းကြီးက ရှင်းပြခဲ့ပါတယ်။
ချွန်ပိုးဟာ ပရဟိတလုပ်ငန်းအတွက် မရည်ရွယ်ဘဲ ပေါက်အားကောင်းမယ့် ထီနံပါတ်ရဖို့ စိတ်ဝင်စားနေပြီး ဘုန်းကြီးထံမှ ဂဏန်းတောင်းတဲ့အတွက် သူ့ကို အွန်လိုင်းပေါ်ကနေ သီးသန့် group chat ထဲ ကံကောင်းစေမယ့်နံပါတ်တွေ ရွေးပေးပြီး ပို့ပေးမိကြောင်း အဆိုပါဘုန်းကြီးက မီဒီယာတွေကို ဝန်ခံခဲ့ပါတယ်။
အခုနောက်ပိုင်းတော့ ချွန်ပိုးကို သူ့ရဲ့ပရဟိတလုပ်ငန်း အွန်လိုင်းအုပ်စုမှ ထုတ်ပယ်လိုက်ပြီဖြစ်ကြောင်း ဘုန်းကြီးက ပြောပါတယ်။
ထီထွက်တဲ့ရက်တဲ့ ချွန်ပိုးဟာ ဘုန်းကြီးပေးတဲ့နံပါတ်အတိုင်း မပေါက်တဲ့အတွက် သူလှူထားမိတဲ့ငွေကြေးကို ဘုန်းကြီးထံမှ ပြန်တောင်းတာ မရသလို အွန်လိုင်းအုပ်စုမှ ထုတ်ပယ်တာလည်း တရားမျှတမှုမရှိကြောင်း စောဒကတက်လာခဲ့တာဖြစ်ပါတယ်။