ဖူလ်ဟမ်ကို ဂိုးပြတ် အနိုင်ယူပြီး ၄နှစ်ဆက် ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ဖို့ နှစ်ပွဲ အလို ရောက်လာတဲ့ မန်စီးတီး
ဒီ စနေနေ့ အစောပိုင်းပွဲစဉ်အဖြစ် ကစားခဲ့တဲ့ ဖူလ်ဟမ်နဲ့ မန်ချက်စတာစီးတီးတို့ရဲ့ပွဲစဉ်မှာ စီးတီး အသင်းက ၄-၀ နဲ့ ဂိုးပြတ်နိုင်ပွဲရယူပြီး အမှတ်ပေးဇယား ထိပ်ဆုံးက အာဆင်နယ်နဲ့ ၁ မှတ်အကွာကို ပြန်လည် တက်လှမ်းနိုင်ခဲ့ပါတယ်။
မန်ချက်စတာစီးတီးဘက်မှာ ဂိုးသမား အီဒါဆန်၊ ခံစစ်မှာ အကန်းဂျိ၊ ဒီယက်စ်၊ ဂဗာဒီယောလ်၊ အကီ၊ ကွင်းလယ်မှာ ဒီဘရိုင်းနား၊ ကိုဗာချစ်ချ်၊ ရိုဒရီ၊ ဖိုဒန်နဲ့ ဆေးလ်ဗား၊ တိုက်စစ်မှာ ဟာလန်းတို့ကို ပွဲထုတ်ခဲ့ပါတယ်။
ပွဲချိန် ၁၃ မိနစ်မှာပဲ ကီဗင် ဒီရိုင်းနားနဲ့ အပေးအယူလုပ်ပြီး ဂဗာဒီယောလ်က ဂိုးဘယ်ဖက်အောက်ထောင့်ထဲကို အနိမ့်ဘော ကန်သွင်းယူသွားခဲ့ပြီး မန်စီးတီးက ပထမဆုံးဂိုးပေါက်ကန်သွင်းမှုမှာပဲ ဦးဆောင်ဂိုး ရရှိသွားခဲ့ပါတယ်။
အဲဒီနောက် ၂၂ မိနစ်မှာ နေသန် အကီနာသွားလို့ ဝေါ်ကာကို ထည့်ကစားခဲ့ရပြီး အကန်းဂျိက ဗဟိုခံစစ်ကို ဝင်ကစားခဲ့ရပါတယ်။ မန်ချက်စတာစီးတီးက ဘောလုံးပိုင်ဆိုင်မှု ၃ ပုံ ၂ ပုံလောက်နဲ့ကို အသာစီး ကစားခဲ့ပြီး ဂိုးပေါက်ကန်သွင်းမှု အများအပြားပြုလုပ်နိုင်ခဲ့ပေမယ့်လည်း အဆုံးသတ်ပိုင်း လိုအပ်ချက် အနည်းငယ်ရှိနေခဲ့လို့ နောက်ထပ်ဂိုးမရခဲ့တာဖြစ်ပါတယ်။
ဒုတိယပိုင်းမှာလည်း မန်ချက်စတာစီးတီးကပဲ ဆက်လက်ဖိအားပေး ကစားနိုင်ခဲ့ပြီး လီနို လက်စွမ်းပြ ကာကွယ်နေခဲ့လို့သာ ပထမပိုင်း ပြန်စပြီး ၁၀ မိနစ်လောက်အတွင်းမှာ နောက်ထပ် ဂိုးတွေ မပေးခဲ့ရတာဖြစ်ပါတယ်။
ဒါပေမယ့်လည်း ၅၉ မိနစ်မှာတော့ ဘာနာဒို ဆေးလ်ဗားက ကွင်းလယ်မှာ လှလှပပလှည့်ထွက်ပြီး ပင်နယ်တီဧရိယာဆီ ပြေးလွှားပြီးနောက် ချပေးလိုက်တဲ့ဘောလုံးကို ဖိုဒန်က ဂိုးဘယ်ဖက်အောက်ထောင့်ထဲကို ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။
၇၁ မိနစ်မှာ ဂဗာဒီယောလ်ကပဲ နောက်ထပ် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပြီး ညာတောင်ပံကနေ ဘာနာဒို ဆေးလ်ဗား ဖြတ်တင်ပေးလိုက်တဲ့ဘောလုံးကို ဂိုးတိုင်နားမှာ ရှိနေတဲ့ မန်စီးတီးနောက်ခံလူက အနီးကပ် ပိတ်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့်လည်း VAR က ဂဗာဒီယောလ် လူကျွံဘောဖြစ်နိုင်တယ်ဆိုပြီး အချိန်အတော်ကြာ စစ်ဆေးခဲ့ပြီး ဘာနာဒို ဆေးလ်ဗားရဲ့ ဖြတ်တင်ပေးပို့မှုကို အကန်းဂျိသာ ထိခဲ့ရင် ခရိုအေးရှားနောက်ခံလူ လူကျွံခဲ့မှာဖြစ်ပေမယ့် မထိခဲ့တဲ့အတွက် ဂိုးအဖြစ် ခွင့်ပြုပေးခဲ့ပါတယ်။
ပွဲပြီးဆုံးခါနီး လက်ကျန်မိနစ်တွေမှာလည်း အိမ်ရှင် ဖူလ်ဟမ်တို့ ဘယ်လိုမှ ပြန်မလာနိုင်တော့ဘဲ ဂိုးပေါက်ကန်သွင်းမှုတောင် မပြုလုပ်နိုင်ခဲ့ဘဲ အချိန်ပို ၉၀+၅ မိနစ်မှာ အစ်ဆာ ဒီယော့ အယ်လ်ဗာရက်ဇ်ကို ပင်နယ်တီဧရိယာထဲမှာ ဖျက်ထုတ်ပုံကြမ်းတမ်းခဲ့လို့ ၂ ဝါ ၁ နီနဲ့ ထုတ်ခံခဲ့ရပြီး မန်စီးတီးက ပင်နယ်တီရခဲ့ပါတယ်။
ပင်နယ်တီကို ယူလီယန် အယ်လ်ဗာရက်ဇ်ကပဲ ကန်သွင်းယူသွားခဲ့ပြီး ဂိုးညာဘက်အောက်ထောင့်ထဲကို လွတ်လွတ် ကျွတ်ကျွတ် ကန်သွင်းယူသွားခဲ့ပြီး ၄-၀ နဲ့ ပွဲပြီးဆုံးသွားခဲ့ပါတယ်။
အခုဆိုရင် စီးတီးဟာ အာဆင်နယ်နဲ့ ပွဲတူ ၃၆ ပွဲ ကစားထားပြီဖြစ်ကာ ၂ မှတ်အသာဖြင့် ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို လွဲပြောင်း ဦးဆောင်နေပါပြီ။ စီးတီးနဲ့ အာဆင်နယ်ကြားမှာ ဂိုးပေါင်းကလည်း ၂ ဂိုးပဲ ကွာခြားတော့တာ ဖြစ်ပါတယ်။
အာဆင်နယ် အနေနဲ့ လက်ကျန် ၂ ပွဲကို အနိုင်ကစားပြီး မန်စီးတီး ခြေချော်ဖို့ မျှော်လင့်နေရမှာ ဖြစ်ပါတယ်။