ကမ္ဘာအဆင်းရဲဆုံး သမ္မတ (သို့) Jose Mujica

နိုင်ငံတော်အကြီးအကဲတွေအများစုက အကောင်းဆုံး၊ အလုံခြုံဆုံးဆိုတဲ့ ကျည်ကာကားတွေကိုစီးလေ့ရှိပေမယ့် ဥရုဂွေးသမ္မတဟောင်း Jose Mujica ကတော့ ထူးထူးခြားခြား Volkswagen Beetle လေးကိုသာ သမ္မတစီးတော်ယာဉ်အနေနဲ့ စီးနှင်းခဲ့ပါတယ်။
ပကာသနမမက်တဲ့ ဥရုဂွေးသမ္မတဟောင်းက ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲကာလမှာ ဒေါ်လာ ၁၈၀၀ ဝန်းကျင်ဖြင့် ၁၉၈၇ ထုတ်လိပ်ခုံးကားလေးကိုဝယ်ယူခဲ့ပြီး သူတာဝန်ထမ်းဆောင်ခဲ့တဲ့ ၂၀၁၀ ကနေ ၂၀၁၅ ခုနှစ်အထိဒီကားလေးကိုပဲ စီးနှင်းခဲ့ပါတယ်။ ဒီကားလေးက သူပိုင်ဆိုင်သမျှအကုန်ဖြစ်ပါတယ်။
ထိုအချိန်ကစပြီး ကမ္ဘာ့အဆင်းရဲဆုံးသမ္မတဆိုပြီး လူမှုကွန်ယက်မှာနာမည်ကြီးလာခဲ့ပါတယ်။ ထို့အပြင်သမ္မတဖြစ်တည်းက လစာရဲ့ ၈၀ ရာခိုင်နှုန်းကိုလည်း လူမှုရေးအဖွဲ့အစည်းများထံ ပုံမှန်လှူဒါန်းခဲ့ပါတယ်။
ဂန္ဓမာခြံထဲက အိမ်အဟောင်းလေးကိုလည်း သူ့ဇနီးနာမည်နဲ့သာ မှတ်ပုံတင်ထားပါတယ်။ သမ္မတအိမ်တော်နှင့် အဆောင်အယောင်တွေကိုလည်း ငြင်းဆန်ခဲ့ပြီး သမ္မတသက်တမ်းတစ်လျှောက် လယ်ကွင်းထဲက အိမ်အဟောင်းလေးမှာဘဲနေထိုင်ခဲ့ပါတယ်။
သူ့ရဲ့နှိမ့်ချတတ်တဲ့ သင်္ကေတဖြစ်တဲ့ မိုးပြာရောင် Beetle ကားလေးကို အာရပ်အကြီးအကဲတစ်ဦးက ဒေါ်လာ ၁ သန်းဖြင့်ဝယ်ယူရန် ကမ်းလှမ်းခဲ့တာကိုလည်း ငြင်းဆန်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ သမ္မတသက်တမ်းပြီးဆုံးချိန်မှာ သူ့ရဲ့ခြေထောက် ၃ ချောင်းပဲရှိတဲ့ ခွေးလေးအတွက် ဒီကားက လိုအပ်လို့မရောင်းခဲ့တာလို့ဆိုပါတယ်။
ဥရုဂွေးနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတတွေက သက်တမ်းတစ်ကြိမ်သာ တာဝန်ထမ်းဆောင်ခွင့်ရှိတာကြောင့် ၅ နှစ်သာတာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၅ မှာတော့ အနားယူခဲ့ပါတယ်။