အွန်နရီ၊ တိုရေး တို့လို ဂန်းနားဟောင်းကြီးတွေနဲ့ စံချိန် မှတ်တမ်းတူ ရသွားတဲ့ စီးတီးကွင်းလယ် ရိုဒရီ
မန်စီးတီး ကွင်းလယ်ကစားသမား ရိုဒရီဟာ ပရီးမီးယားလိဂ် ရှုံးပွဲမရှိ ပွဲဆက် အများဆုံး ကစားသမားစာရင်းမှာ အာဆင်နယ်ဂန္ထဝင် အွန်နရီနဲ့ မန်စီးတီးနာမည်ကျော် နောက်ခံလူဟောင်း ကိုလိုတိုရေးတို့ရဲ့ ပွဲအရေအတွက်နဲ့ တူညီကာ စံချိန် မှတ်တမ်း ဝင်သွားပြီဖြစ်ပါတယ်။
ဖူလ်ဟမ်ကို ၄-၀ ဂိုးပြတ်အနိုင်ရတဲ့ ပရီးမီးယားလိဂ်ပွဲမှာ ရိုဒရီဟာ ပွဲချိန်ပြည့်ပါဝင်ကစားခဲ့ပြီး အဲဒီပွဲက ရိုဒရီအတွက် ပရီးမီးယားလိဂ် ၄၈ ပွဲဆက် ရှုံးပွဲမရှိအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
ပရီးမီးယားလိဂ်မှာ ရိုဒရီ ပွဲထွက်ကစားပြီး ရှုံးနိမ့်ခဲ့တဲ့ နောက်ဆုံးပွဲက ပြီးခဲ့တဲ့နှစ်၊ ဖေဖော်ဝါရီလအတွင်း စပါးအသင်းနဲ့ကစားခဲ့တဲ့ပွဲမှာဖြစ်ပြီး ၁-၀ ဂိုးနဲ့ရှုံးခဲ့တာဖြစ်ပါတယ်။
အဲဒီနောက်ပိုင်း မန်စီးတီးအတွက် ရိုဒရီ ပွဲထွက်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲတွေမှာ ၃၉ ပွဲနိုင်၊ ၉ ပွဲသရေနဲ့ ရှုံးပွဲမရှိတော့ဘဲ ဒီရာသီ ပရီးမီးယားလိဂ်မှာ မန်စီးတီးအသင်းဟာ ရိုဒရီ မပါဝင်နိုင်ခဲ့တဲ့ ဝုလ်ဗ်၊ အာဆင်နယ်၊ အက်စတွန်ဗီလာတို့နဲ့အဝေးကွင်းပွဲတွေမှာ ပွဲတိုင်းရှုံးနိမ့်ခဲ့ပါတယ်။
အခုဆိုရင် ရိုဒရီဟာ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ရှုံးပွဲမရှိ ပွဲဆက်အများဆုံးစံချိန်တင်ထားတဲ့ အာဆင်နယ်ဂန္ထဝင်နောက်ခံလူ ဆိုးလ်ကမ်းဘဲလ်ကို အမီလိုက်နိုင်ဖို့ နီးစပ်နေပါပြီ။
ကမ်းဘဲလ်ဟာ ၂၀၀၂ နိုဝင်ဘာလကနေ ၂၀၀၄ အောက်တိုဘာလအထိ ပရီးမီးယားလိဂ် ၅၆ ပွဲဆက်တိုက် ရှုံးပွဲမရှိဘဲ စံချိန်တင်ခဲ့တာဖြစ်ပြီး ရိုဒရီအနေနဲ့ ကမ်းဘဲလ်ကို အမီလိုက်နိုင်ဖို့ နောက်ထပ် ၈ ပွဲသာ လိုပါတော့တယ်။
မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ်လက်ကျန်ပွဲအဖြစ် စပါး(အဝေး)၊ ဝက်စ်ဟမ်း(အိမ်)တို့နဲ့သာ ကစားရဖို့ရှိတော့တာကြောင့် ရိုဒရီဟာ ဒီရာသီမှာ ကမ်းဘဲလ်ရဲ့စံချိန်နဲ့တူညီဖို့ မဖြစ်နိုင်ဘဲ နောက်ရာသီမှပဲ မျှော်လင့်ရမှာဖြစ်ပါတယ်။
ဖူလ်ဟမ်အသင်းကို ၄-၀ ဂိုးပြတ်အနိုင်ရပြီးတဲ့နောက် မန်စီးတီးအသင်းဟာ အာဆင်နယ်ကို ၂ မှတ်ဖြတ်ပြီးတော့ အဆင့် ၁ နေရာ ပြန်လည်ရောက်ရှိလာပါပြီ။
ဖူလ်ဟမ်နဲ့နိုင်ပွဲက မန်စီးတီး နည်းပြဂွါဒီယိုလာအတွက် ပရီးမီးယားလိဂ်အဝေးကွင်း ၁၀၅ ပွဲမြောက်နိုင်ပွဲဖြစ်ပြီး သူ့လောက် ဘယ်သူကမှ မစွမ်းဆောင်နိုင်သေးပါဘူး။
မန်စီးတီးအသင်းဟာ ၂၀၂၄ ခုနှစ်အတွင်း ပရီးမီးယားလိဂ် ၁၇ ပွဲကစားအပြီးမှာ ၁၄ ပွဲနိုင်၊ ၃ ပွဲသရေနဲ့ ရှုံးပွဲမရှိဘဲ သွင်းဂိုး ၄၆ ဂိုး၊ ပေးဂိုး ၁၂ ဂိုး၊ Clean Sheets ၇ ပွဲအထိရရှိခဲ့ပါတယ်။
မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ်နောက်ဆုံး ၇ ပွဲမှာ ၂ ဂိုးနဲ့အထက်ရလဒ်နဲ့အနိုင်ယူခဲ့ပြီး ဒါက ၂၀၁၅ (၇ ပွဲ၊ သြဂုတ်လကနေ မေလအတွင်း)နောက်ပိုင်း အကောင်းဆုံး စွမ်းဆောင်ရည်ဖြစ်ပါတယ်။
