ဖူလ်ဟမ်နဲ့ပွဲအပြီးမှာ အင်္ဂလန် ဘောလုံးလောကနဲ့ ချီပြီး စံချိန်သစ်များ ရေးထိုးလာတဲ့ မန်စီးတီး
မန်စီးတီးအသင်းဟာ စနေနေ့ ညနေခင်းက ကန်တဲ့ ဖူလ်ဟမ်ကို အနိုင်ရရှိကာ ပရီးမီးယားလိဂ်ဖလား ၄ ကြိမ်ဆွတ်ခူးရေး အခြေအနေကောင်းလာသလို စံချိန်သစ်များလည်း ရေးထိုးလာပါတယ်။
ဂွါဒီယိုလာရဲ့ မန်စီးတီးဟာ ဖူလ်ဟမ်ကို အနိုင်ရရှိပြီးနောက် ဒုတိယနေရာမှ အာဆင်နယ်ကို ရမှတ် ၂ မှတ်ဖြတ်လာပါတယ်။ အာဆင်နယ်က ယနေ့ညမှာမှ အိုးထရက်ဖို့ဒ်သို့ သွားရောက်ကာ ယူနိုက်တက်အား ရင်ဆိုင်ကစားရပါမယ်။
မနေ့ကပွဲမှာ မန်စီးတီးအတွက် ဂိုးများကို နောက်ခံလူဂျို့စ်ကိုကာဗာဒီယောက ၂ ဂိုး၊ ဖီးလ်ဖိုဒန်နှင့် ဂျူလီယန်အယ်လ်ဗာရက်ဇ်တို့က ၁ ဂိုးစီ အသီးသီး သွင်းယူခဲ့ကြာတာပါ။
ဂဗာဒီယောဟာ အချိန်ပိုမှာ ရရှိတဲ့ ပင်နယ်တီကို ကန်သွင်းကာ ဟက်ထရစ်သွင်းနိုင်မဲ့ အခွင့်အရေးရခဲ့ပေမဲ့ ငြင်းဆိုခဲ့တာလည်း ဖြစ်ပါတယ်။

မန်စီးတီးဟာ ဖူလ်ဟမ်နိုင်ပွဲကြောင့် ဒီဇင်ဘာလ ၆ ရက်နေ့တုန်းက ဗီလာကို ၂-၁ ဖြင့် ရှုံးနိမ့်ပြီးနောက် ပရီးမီးယားလိဂ်မှာ ရှုံးပွဲမရှိ မှတ်တမ်း ရယူလာခဲ့ပါတယ်။
မန်စီးတီးဟာ မနေ့ညက နိုင်ပွဲကြောင့် Craven Cottage မှာ ဖူလ်ဟမ်ကို ၁၆ ပွဲဆက် အနိုင်ရရှိလာတာ ဖြစ်ပြီး အင်္ဂလိပ်ဘောလုံးသမိုင်းမှာ အသင်းတစ်သင်းကို အဝေးကွင်းမှာ နိုင်ပွဲဆက်မှုအများဆုံးမှတ်တမ်း ရယူလာပါတယ်။
မန်စီးတီးဟာ ယခင်တုန်းက ဘုန်းမောက်နှင့် ဝက်ဖို့ဒ်တို့ကို အဝေးကွင်း ၁၅ ပွဲဆက် အနိုင်ယူပြီး ရေးထိုးထားတဲ့ စံချိန်ကို ကိုယ်တိုင်ပင် ရိုက်ချိုးလာတာ ဖြစ်ပါတယ်။
ဒါ့အပြင် မန်စီးတီးဟာ Craven Cottage မှာ အဝေးကွင်း ၁၆ ပွဲဆက် ဂိုးသွင်းနိုင်ခဲ့တာ ဖြစ်ပြီး ပရီးမီးယားလိဂ်သမိုင်းမှာ ပြိုင်ဘက်အသင်းတစ်သင်းကို ဆက်တိုက်ဂိုးသွင်းနိုင်တဲ့ စံချိန်သစ်လည်း ရေးထိုးလာပါတယ်။
ယခင်တုန်းက မန်ချက်စတာယူနိုက်တက်က Riverside Stadium တွင် မစ်ဒယ်ဘရော့ကို ၁၅ ပွဲဆက် ဂိုးသွင်းနိုင်တဲ့ စံချိန်ရေးထိုးထားခဲ့တာ ဖြစ်ပါတယ်။
