မေလအတွင်း မုန်တိုင်းငယ်ရှိနိုင်ကြောင်း မိုးလေဝသ သတိပေးချက်

အခု မေလအတွင်း ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်းတခု ဖြစ်ပေါ်နိုင်ခြေရှိပြီး မုန်တိုင်းငယ်အဖြစ် ရောက်ရှိလာနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။

မေလအတွက် မိုးလေဝသခန့်မှန်းချက်အရ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနဲ့ ယင်းနဲ့ဆက်စပ်လျက်ရှိတဲ့ ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းတို့မှာ လေထု မငြိမ်မသက်မှု ဖြစ်ပေါ်ရာမှ လာမယ့် မေလ ၁၈ ရက်နေ့မှာ လေဖိအားနည်းရပ်ဝန်း တကြိမ် ဖြစ်ပေါ်နိုင်ပြီး ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ် ရောက်ရှိနိုင်တယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာ လေဖိအားနည်းရပ်ဝန်း စတင် အစပျိုးခြင်းမရှိသေးတဲ့အတွက် ခန့်မှန်းချက်တွေ အားလုံးဟာ တိုင်းထွာတဲ့ အချိန်၊ အသုံးပြုတဲ့ Data နဲ့ ခန့်မှန်းတွက်ချက်တဲ့ မော်ဒယ်တို့အပေါ် မူတည်ပြီး ရွေ့လျားမယ့်လမ်းကြောင်း အမျိုးမျိုးပြောင်းလဲနေတယ်လို့ သိရပါတယ်။

လက်ရှိအခြေအနေမှာ လေဖိအားနည်းရပ်ဝန်းတခု ဖြစ်နိုင်ခြေရှိတဲ့အကြောင်း ကြိုတင်သတိပြုနိုင်အောင် ထုတ်ပြန်ထားတာဖြစ်ကာ ဖြစ်ပေါ်တဲ့အခြေအနေ သေချာမှုပိုများလာခဲ့ရင် ဆက်လက် သတင်း ထုတ်ပြန်ပေးမယ်လို့ မိုးဇလက ဆိုထားတာဖြစ်ပါတယ်။