ပရီးမီးယားလိဂ် စံချိန်တင် မှတ်တမ်း ရနိုင်တာကို စွန့်လွှတ်ပြီး အသင်းဖော်ကိုပဲ ဦးစားပေးခဲ့တဲ့ ဂါဒီယော

မန်စီးတီးအသင်းရဲ့ နောက်ခံလူ ဂါဒီယောက ဖူလ်ဟမ်ကို ၄-၀ ဂိုးနဲ့အနိုင်ရတဲ့ပွဲမှာ သူ့အတွက် ဟက်ထရစ်ဖြစ်စေမဲ့ ပယ်နယ်တီကို ဘာဖြစ်လို့ မကန်ခဲ့တာလဲ ဆိုတာနဲ့ ပတ်သက်ပြီး ရှင်းလင်းပြောဆိုခဲ့ပါတယ်။

မန်စီးတီးအတွက် အဖွင့်ဂိုးကို ပထမပိုင်း ၁၃ မိနစ်မှာ ဒီဘရိုင်းနား ပေးတာကနေ ဂါဒီယောက ညာခြေနဲ့ကန်သွင်းခဲ့ပြီး ဒုတိယပိုင်း ၇၁ မိနစ်မှာ ဘာနာဒိုဆေးလ်ဗား ကန်တင်ပေးလိုတာကို ဂါဒီယောက ပြေးဝင်ပိတ်သွင်းခဲ့ပါတယ်။

ပွဲပြီးခါနီးမှာ အယ်လ်ဗာရက်ဇ်ကို ဖူလ်ဟမ်နောက်ခံလူဒီအော့ပ် ပြစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့် မန်စီးတီး ပယ်နယ်တီကန်ခွင့်ရခဲ့ပြီး အဲဒီပယ်နယ်တီကို ဂါဒီယော ဂိုးဝင်အောင်ကန်သွင်းနိုင်မယ်ဆိုရင် ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် တစ်ပွဲတည်း ဟက်ထရစ်သွင်းနိုင်တဲ့ ပထမဆုံး နောက်ခံလူအဖြစ် စံချိန်တင်နိုင်မှာဖြစ်ပါတယ်။

အသင်းဖော်တွေကလည်း ဂါဒီယောကို ဟက်ထရစ်ရအောင် ပင်နယ်တီကန်ဖို့ တိုက်တွန်းကြပေမဲ့ ဂါဒီယောက အယ်လ်ဗာရက်ဇ်ကိုပဲ ကန်ခွင့်ပြုခဲ့ပြီး အယ်လ်ဗာရက်ဇ်က အမှားအယွင်းမရှိ သွင်းယူခဲ့ပါတယ်။

ပယ်နယ်တီကန်ဖို့ ငြင်းဆန်ခဲ့တာနဲ့ပတ်သက်ပြီး TNT Sports နဲ့ အင်တာဗျူးမှာ ဂါဒီယောက “အခုပွဲမှာ ကျွန်တော် ၂ ဂိုးသွင်းပြီး Clean Sheet ရခဲ့တာနဲ့တင် တော်တော်လေး ဝမ်းသာစရာကောင်းနေပါပြီ . . .”

“ပင်နယ်တီကန်ဖို့ အသင်းဖော်တွေနဲ့ ကျွန်တော် တိုင်ပယ်ခဲ့ကြသလို ကိုယ်တိုင်လည်း ပင်နယ်တီကန်ဖို့ ဆန္ဒရှိပေမဲ့ အဲဒီတာဝန်ယူထားတဲ့သူကိုပဲ ပေးကန်ခဲ့တာဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ အယ်လ်ဗာရက်ဇ်က ပင်နယ်တီကန်ဖို့ ဆုံးဖြတ်ပြီး ဂိုးသွင်းခဲ့တာဖြစ်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ပရီးမီးယားလိဂ်မှာ တရားဝင်မဟုတ်ဘဲ တစ်ပွဲတည်း ဟက်ထရစ်သွင်းခဲ့တဲ့ နောက်ခံလူအဖြစ် မှတ်တမ်းဝင်ခဲ့တာက အဲဗာတန် နောက်ခံလူဟောင်း စတိဗ်ဝက်ဆင်ပဲဖြစ်ပါတယ်။

စတိဗ်ဝက်ဆင်ဟာ ၂၀၀၃ ခုနှစ်တုန်းက လိဒ်စ်အသင်းနဲ့ပွဲမှာ ဟက်ထရစ်သွင်းယူခဲ့ပေမဲ့ အဲဒီပွဲမှာ စတိဗ်ဝက်ဆင်က ခံစစ်နေရာမဟုတ်ဘဲ ကွင်းလယ်လူနေရာမှာ ကစားခဲ့တာကြောင့် ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် တစ်ပွဲတည်း ဟက်ထရစ် သွင်းခဲ့တဲ့ နောက်ခံလူအဖြစ် မသတ်မှတ်ခံခဲ့ရပါဘူး။